Wednesday, August 06, 2014

ပဲခူးမြို့တွင် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်


နှစ်စဉ်ရေကြီးမှုများ ဖြစ်ပွားနေသော ပဲခူးမြို့တွင် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ကြောင်း ပဲခူးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ တိုင်းတာချက်အရ ပဲခူးမြစ်၏ ရေမှတ် ၈၇၆ စင်တီမီတာ ရှိနေပြီး မိုးအဆက်မပြတ် ရွာသွန်းလျက် ရှိသောကြောင့် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာ အထိ တက်လာနိုင်သည်ဟု ၎င်းကပြောဆိုသည်။

“ခုလောလောဆယ် ကျွန်တော်တို့ တစ်နာရီတစ်ကြိမ် စစ်ဆေးတိုင်းတာနေပါတယ်။ ပုံမှန်ရေမှတ် ၈၆၀ စင်တီမီတာလောက်ဆိုရင် အနိမ့်ပိုင်းတွေဖြစ်တဲ့ အိုးလေးစု၊ ပြည်တော်သာ၊ ကလျာဏီရပ် ကွက်တွေမှာ ရေဝင်ပြီ။ ခု ၈၇၆ အထိဆိုတော့ ရေဝင်ပြီပေါ့” ဟု ဦးမြင့်သိန်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်၌ ပဲခူးမြို့ပေါ်တွင် ကလျာဏီ ဘုန်းတော်ကြီးကျောင်း၊ ရွှေနံ့သာကျောင်းများတွင် ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးရှောင် မိသားစုဝင်များကို စောင့်ရှောက်ထားရကြောင်း ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားသည့် ဘုန်းကြီးကျောင်းများထံမှ သိရှိရသည်။

ကလျာဏီရပ်ကွက်ရှိ မဟာကလျာ ဏီသိမ်တော်ကြီးကျောင်းတွင် အိမ်ထောင်စု ၁၁၉ စု၊ လူဦးရေ ၅၅၃ ဦး ရှိပြီး ရွှေပြည်တန်ရပ်ကွက်က ရေဘေးရှောင် မိသားစု အများဆုံးဖြစ်ကာ ကယ်ဆယ်ရေးစခန်းသို့ ရောက်နေသည်မှာ လေးရက်ခန့်ရှိပြီ ဖြစ်ကြောင်း အဆိုပါ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းမှ ဒေါ်လှစိန်က ပြောကြားသည်။

“ဆရာတော်က ညမနက် ထမင်းကျွေးထားတယ်။ ဒီစခန်းရောက်တာ ၄ ရက်တော့ရှိပြီ။ ကျောင်းမှာဆေးခန်း လည်း ဖွင့်ပေးထားတယ်။ လောလောဆယ်တော့ အသေအပျောက်နဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့သူ မရှိပါဘူး။ ဒီကျောင်းကို နှစ်တိုင်း ရေကြီးလို့လာရတယ်။ ပဲခူးမြို့က နှစ်တိုင်းလိုပဲ။ မပြေးရတဲ့နှစ် မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

ကျွန်းသာယာရပ်ကွက်ရှိ ရွှေနံ့သာ ဘုန်းကြီးကျောင်းတွင်လည်း အိမ်ထောင်စု ၄၀ ခန့်ရှိပြီး လူဦးရေ ၁၅၀ ခန့်ရှိကြောင်း၊ သြဂုတ် ၄ ရက် ညနေပိုင်းက မဟာကလျာဏီ သိမ်တော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေး စခန်းသို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်း လာရောက်ခဲ့ကြောင်း ရေဘေးရှောင် မိသားစုဝင်များထံမှ သိရှိရသည်။

ပဲခူးမြို့ပေါ်ရှိ ကလျာဏီ၊ အိုးလေးစု၊ ပြည်တော်သာ၊ ခေါင်းဆေးကျွန်းစသည့် အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေလျှံနေသည့်အတွက် လျှပ်စစ်မီး ဖြတ်တောက်ထားသည်မှာ လေးရက်ခန့်ရှိပြီ ဖြစ်ကြောင်း ကလျာဏီ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“မီးဖြတ်လိုက်တယ်ဆိုတာ ဝါယာတွေနဲ့ လျှော့ခ်ဖြစ်မှာစိုးလို့ ဖြတ်တာဖြစ်မယ် ထင်ပါတယ်။ လမ်းမတန်းပဲ မီးပေးထားတယ်။ လှေတွေဝင်တိုက်မိလို့ ဓာတ်ကြိုးပြတ်ကျရင် ဓာတ်လိုက်နိုင်တဲ့အတွက် အန္တရာယ်များ ပါတယ်။ ကာကွယ်တဲ့အနေနဲ့ မီးဖြတ်ထားတာထင်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း ရေတက်မယ်ဆိုတဲ့အကြောင်း သတိပေးထားတယ်။ ဒီထက်ပိုကြီး လာပြီ ဆိုရင်တော့ ကျွန်တော်တို့ အိုးလေးစု အနိမ့်ပိုင်းအိမ်တွေရွှေ့ဖို့ ပြောထားပါတယ်။ လောလော ဆယ်တော့ လမ်းပေါ်ရေရောက်နေတာ ပေါင်ရင်းထိရှိပါတယ်။ ကျောင်းသားတွေ သွားရလာရတာ လှေနဲ့ သွားရတယ်” ဟု ပြည်တော်သာ ရပ်ကွက်တွင် နေထိုင်သည့် ဦးအေးမြင့်က ပြောကြားသည်။

ပဲခူးမြစ်ရေသည့် ၂၀၁၃ ခုနှစ်က အမြင့်ဆုံးရေမှတ် ၈၉၀ စင်တီမီတာအထိသာ ရောက်ရှိခဲ့သောကြောင့် စိုးရိမ်ရေမှတ် မရောက်ခဲ့ကြောင်း ပဲခူးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှတ်တမ်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List