Friday, August 08, 2014

အစ္စလာမ်သင်္ချိုင်း မီးရှို့ဖျက်ဆီးခဲ့သူများဟု ယူဆရသူ ၁၅ ဦးကို ရုံးတင်စစ်ဆေးနေ


မန္တလေးပဋိပက္ခတွင် သေဆုံးခဲ့သူ ကိုထွန်းထွန်း ဈာပနသို့ လိုက်ပါပို့ဆောင်ရင်း အစ္စလာမ်သင်္ချိုင်းကို ၀င်ရောက်ဖျက်ဆီးခဲ့သည်ဟု ယူဆရသူ ၁၅ဦးကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှဒု-ရဲအုပ် ထွန်းထွန်းက တရားလိုပြုလုပ်၍ သြဂုတ်လ၂ရက်တွင် ပုသိမ်ကြီးမြို့နယ် တရားရုံး၌ ရုံးတင်စစ်ဆေးခဲ့ပြီး ပထမရုံးချိန်းကို သြဂုတ် ၅ရက်နှင့် ဒုတိယရုံးချိန်းကို သြဂုတ် ၇ရက်တို့တွင် တရားလိုပြ သက်သေများ စစ်ဆေးလျက်ရှိ သည်ဟု ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှဒု-ရဲမှူး ထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါမီးရှို့ဖျက်ဆီးခဲ့သည်ဟု ယူဆရသူ ၁၅ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆၊ ၅၀၅(ခ) နှင့် ၂၉၅ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်း ၁၅ဦးတွင် အသက် ၁၈နှစ် မပြည့်သေးသူ နှစ်ဦးကို ကလေးသူငယ်တရားရုံးတွင် တစ်ချိန်တည်း စစ်ဆေးလျက်ရှိဟု ဆိုသည်။

“ဖြစ်တာကတော့ အများကြီးပဲ။ အများကြီးထဲကမ ဒီ ၁၅ ဦးကို ဖမ်းဆီးနိုင်တာပါ။ အခုတရားလိုပြ သက်သေတွေကို စစ်နေပါတယ်။ အခုကိစ္စကို ကျေအေးဖို့ လုပ်နေကြပါတယ်”ဟု ဒု-ရဲမှူးထွန်းထွန်းက ပြောသည်။

အစ္စလာမ်သင်္ချိုင်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ယူဆရသူကို ပုဒ်မ၄၃၆ဖြင့် ဇွဲနိုင်အောင် (ခ)ဖတ်တီး၊ ဝေဖြိုး(ခ) ၀က်ရိုး အရေးယူထားပြီး ပုဒ်မ၂၉၅ဖြင့် မင်းသန်းထိုက်၊ ဇော်မျိုးနိုင်၊ ဟိန်းထက်ဟိန်း၊ အောင်ထွေး၊ မျိုးမြင့်အောင်၊မျိုးမင်းအောင်၊ သဲမောင်၊ အောင်ဆန်းဦးနှင့် ကျော်ကျော်ဝင်းတို့ကို အရေးယူထားကာ ပုဒ်မ ၅၀၅(ခ)ဖြင့် သက်ထွန်းအောင်၊ ကျော်မျိုးသူနှင့် ဆန်းလင်းတို့ကို အရေးယူရုံးတင် စစ်ဆေးနေခြင်းဖြစ် သည်ဟု ဆိုသည်။

ထိုသို့ ရုံးတင်စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် မလိုလားအပ်သော ပြဿနာများဖြစ်ပွားနိုင်သောကြောင့် လုံခြုံရေးချထားခြင်းဖြစ်သည်ဟု ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှဒု-ရဲမှူး ထွန်းထွန်းက ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List