Thursday, August 07, 2014

ကြွက်အန္တရာယ်ကြောင့် အိန္ဒိယ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရ


အိန္ဒိယ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးသည် ကြွက်များ လေယာဉ်ပေါ်တွင် ပါလာ သဖြင့် လိုရာခရီးသို့ ရောက်အောင် မပျံသန်းနိုင်ဘဲ နီးစပ်ရာ လေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ သည်ဟု CNA သတင်းဌာနတွင် ဖော်ပြသည်။

လေယာဉ်မှူး အခန်းအနီးတွင် ကြွက်များ ဥဒဟို ပြေးလွှားနေသည်ကို လေယာဉ်အမှုထမ်းများက တွေ့ရှိခဲ့ ပြီးသည့်နောက်တွင် အိန္ဒိယလေကြောင်းလိုင်းပိုင် လေယာဉ်သည် မြေပြင်သို့ ဆင်းသက်ခဲ့ရသည်ဟု အင်္ဂါနေ့ထုတ် Times Of India သတင်းစာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ကြွက်အန္တရာယ်ကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသော လေယာဉ်သည် နယူးဒေလီမှ ကိုလ်ကတ္တားသို့ ပျံသန်းမည့် လေယာဉ်ဖြစ်ကြောင်း Times Of India သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

လေယာဉ်ပေါ်တွင် ပါလာသည့် ကြွက်များက ဝါယာကြိုးများကို ကိုက်ဖြတ်လိုက်ပါက အန္တရာယ် ကြီးကြီး မားမား ကြုံတွေ့ရနိုင်သည်ဟု အမည်မဖော်လိုသူ လေကြောင်းလိုင်း အရာရှိတစ်ဦးက ပြောကြားသည်။ “တကယ်လို့ အဲဒီလိုဖြစ်ခဲ့ရင် လေယာဉ်မှူးက ဘာမှ ထိန်းချုပ်လို့ မရတော့ဘဲ လေယာဉ်ပျက်ကျတဲ့အထိ ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ပြောကြားသည်။

ထိုကဲ့သို့ ကြွက်များ တွေ့ရှိမှုကြောင့် ပြည်တွင်းလေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယ လေကြောင်းလိုင်းကမူ လက်ရှိအချိန်အထိ မည်သည့် ကြေညာချက်မျှ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။

သို့ရာတွင် အိန္ဒိယ လေကြောင်းလိုင်းမှ အရာရှိတစ်ဦးကမူ လေယာဉ်ပေါ်တွင် ကြွက်တွေ့ရခြင်းမှာ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာ ဖြစ်ပြီး ကမ္ဘာ့ မည်သည့်နေရာ၌မဆို ကြုံတွေ့ရနိုင်သော ပြဿနာ ဖြစ် သည်ဟု ပြောကြားခဲ့သည်။

“သူတို့က အစားအသောက် သယ်တဲ့ ကားတွေထဲကနေ တစ်ဆင့် လေယာဉ်ပေါ်ကို ပါလာကြတာပါ” ဟု အဆိုပါ အရာရှိက ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ကြွက်အန္တရာယ်ကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ချေ။

ပြီးခဲ့သော ဖေဖော်ဝါရီလထဲတုန်းက မွန်ဘိုင်းမှ ထွက်ခွာမည့် ပြည်တွင်းလေယာဉ်တစ်စီးသည် ကြွက် အန္တရာယ်ကြောင့် နှစ်နာရီခန့် နှောင့်နှေးခဲ့ရဖူးသကဲ့သို့ ၂၀၀၉ ခုနှစ်တုန်းကလည်း လေယာဉ်အမှုထမ်း များက ကြွက်များကို လိုက်လံဖမ်းဆီးသည်ကို စောင့်ဆိုင်းနေရသဖြင့် အိန္ဒိယနိုင်ငံမှ ကနေဒါနိုင်ငံ တိုရွန် တိုမြို့သို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ်မှာ ၁၁ နာရီခန့် နှောင့်နှေးခဲ့ရဖူးသည်။

The Voice Weekly

No comments:

Post a Comment

My Blog List