Wednesday, August 06, 2014

အစိုးရကိုဆန္ဒပြခဲ့သောကြောင့် မြို့နယ်ခြောက်ခုမှ စုစုပေါင်း ထောင်ဒဏ် လေးနှစ် ကျခံနေရသော ကိုထင်ကျော်အား သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံချမှတ်


ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် အတွက် ဒီမိုကရေစီရေး စဉ်ဆက် မပြတ်လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့မှခေါင်းဆောင် ကိုထင်ကျော်အား သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ သြဂုတ် ၅ ရက် နံနက် ၁၁ နာရီခန့်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၂၀ ရက် နံနက်ပိုင်းခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ၊ စံပြဈေးတွင် ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်သည် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း၊ ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြဟောပြောခဲ့ပြီး လက်ကမ်း စာစောင်ဝေငှမှုဖြင့် ၎င်းအား သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

“ကိုထင်ကျော်ကို နောက်ဆုံးဆန္ဒပြခဲ့သည့် ၁၁ မြို့နယ်မြောက်ဖြစ်တဲ့ တောင်ဥက္ကလာပမြို့နယ်ကျမှ အဖမ်း ခံရတာပါ။ ကိုထင်ကျော်ရဲ့ အမှုတွေက အတူတူတွေပဲဆိုတော့ တစ်ပေါင်းတည်းကျခံစေဖို့အတွက် သူ့ရှေ့နေနဲ့ လုပ်ဆောင်သွားမှာပါ”ဟုဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု(MDCF)အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုထင်ကျော်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတို့မှ ရုံးချိန်း ခုနစ်ချိန်း ချိန်းဆိုကာ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ၅၀၅ (ခ)ဖြင့် ယခုလို သြဂုတ်၅ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုထင်ကျော်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)ဖြင့် တောင်ဥက္ကလာပမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တရားရုံးမှ အလုပ် ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်နှင့် ယခုသင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်တို့ကို ချမှတ်ထားခဲ့ပြီး စုစုပေါင်းပုဒ်မ ၅၀၅(ခ)ဖြင့် လေးနှစ်ခြောက်လ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းစုစီပုဒ်မ (၁၈) ဖြင့် ကိုထင်ကျော်ကိုလည်း သက်ဆိုင်ရာက အကြမ်းဖက်ဖယ်ရှားခံရသည့် သမီး ကလေးကျေးရွာကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြခဲ့မှုကြောင့် ကျောက်တံတားမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလအားလည်းကောင်း၊ မရမ်းကုန်း(၆)ရပ်ကွက်ရှိ ပြည်သူများ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် မြေပြန်လည်ရရှိရေး အကူအညီတောင်းခံရာတွင် ခေါင်းဆောင်ခဲ့သောကြောင့် ကိုထင်ကျော် အား ဗဟန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးလတို့ ချမှတ်ထားပြီး ပုဒ်မ (၁၈) ဖြင့် စုစုပေါင်းထောင်ဒဏ် ခြောက်လ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ (MDCF) အဖွဲ့မှ ခေါင်းဆောင် ကိုထင်ကျော်မှာ စုစုပေါင်းထောင်ဒဏ် ငါးနှစ် ကျခံနေရပြီဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ ထောင်ဒဏ်များချမှတ်ခံထားရပြီးဖြစ်သော်လည်း ကိုထင်ကျော်မှာ ထပ်မံ၍ ပုဒ်မ၅၀၅ (ခ) ဖြင့် မြို့နယ်ခြောက်မြို့နယ်တွင် ဆက်လက်တရား ရင်ဆိုင်နေရကြောင်း သိရသည်။

လက်သုံးချောင်းထောင်သရုပ်ပြမှုနှင့် ပတ်သက်၍ Hunger Games ရုပ်ရှင်ကားတွင် အာဏာရှင်ကိုဆန့် ကျင်သည့်အနေဖြင့် လက်သုံးချောင်းထောင် ကာပြသသကဲ့သို့ ထိုင်းစစ်အာဏာသိမ်းမှုတွင်လည်း ပြည်သူ များက လက်သုံးချောင်းထောင်ကာ အာဏာရှင်ကိုဆန့်ကျင်ကြောင်း သရုပ်ပြခဲ့သည်ကို တွေ့ရှိရသည်။

ထို့အတူ ယခုကဲ့သို့ ကိုထင်ကျော်က လက်သုံးချောင်းထောင်ကာ ပြသခဲ့မှု မှာလည်း အာဏာရှင်အစိုးရကို ဆန့်ကျင်သည့်အနေဖြင့် အဓိပ္ပာယ်ဖော်ပြသ ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ရုံးချိန်းတစ်ခုတွင် ပြောကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment

My Blog List