Thursday, August 07, 2014

" လူ ၅ သန်းခန့် ထောက်ခံလက်မှတ်ထိုးထားသော ၄၃၆ ပြင်ဆင်ရေး အဆိုပြုလွှာ လွှတ်တော်သို့ မကြာမီတင်မည် "



 



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် တပ်မတော်သား ကိုယ်စားလှယ်များအား ဗီတိုအာဏာ ပေးအပ် ထားသော ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေး လက်မှတ်ထိုးတောင်းဆိုသူ ၅ သန်းခန့် ရှိပြီး ယင်းကို လွတ်တော်သို့ မကြာမီ ပေးပို့သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတ၀ှမ်းရှိ မြို့နယ် ၃၃၀ အနက် မြို့နယ်ပေါင်း ၃၀၈ မြို့နယ်မှ ကောက်ခံရရှိထားသော ထောက်ခံ လက်မှတ်ပမာဏမှာ ၄ ၉၄၁ ၉၉၈ ရှိနေပြီး ကျန်ရှိမြို့နယ်အချို့မှ ထောက်ခံလက်မှတ်များမှာ အခြေအနေ အကြောင်းကြောင်းကြောင့် ရောက်ရှိမလာကြသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

“ကိုကိုးကျွန်းကဆို အများပြည်သူ သယ်ယူပိုဆောင်ရေး စနစ် မရှိလို့ ပို့ပေးနိုင်ဖို့ သိပ်မသေချာဘူး” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။ကောက်ခံရရှိသော လက်မှတ် များကို လွှတ်တော်သို့ ပေးပို့မည် ဖြစ်သော်လည်း ရက်အတိအကျ မသိရသေးကြောင်း ၎င်းကဆိုသည်။

“နှစ်လအတွင်း ပို့နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်”ဟု၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှငိ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ထောက်ခံ လက်မှတ်များ ပေးပို့မည့်ရက်နှင့် ပတ်သက်ပြီး ခန့်မှန်းပြော ကြားသည်။

အမျိုးသား ဒီမိကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကောက် ယူသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုကို မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ပြုလုပ် ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်။

ယခင်အစိုးရက ၂၀၀၈ခုနှစ်တွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်တော်တွင် ရွေးကောက် ခံမဟုတ်သော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာချုပ်က ခန့်အပ်ခွင့်ပေးထားပြီး အရေးကြီးသည့် မည်သည့်ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင်မဆို လွတ်တော်က ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှသာ ပြီးမြောက်အောင်မြင်စေရမည်ဟု ပြဌာန်းထားသည်။

ထို့ကြောင့် တပ်မတော်၏ ထောက်ခံမှု မပါလျှင် မည်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုမျှ အောင်မြင်နိုင် မည်မဟုတ်သဖြင့် အတိုက်အခံပါတီများက အဆိုပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန် တောင်းဆို နေကြခြင်း ဖြစ်သည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List