Wednesday, August 06, 2014

အလှူအတန်းရက်ရောလို့ မြန်မာနိုင်ငံကပေးတဲ့ဘွဲ့မှန်သမျှ အကုန်ယူပြီး သွားပြီဟု ဇေကမ္ဘာဦးခင်ရွှေဆို


မြန်မာနိုင်ငံစီးပွားလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သည့် ဇေကမ္ဘာဦးခင်ရွှေသည် အလှူအတန်းရက်ရောလှ သည့်အတွက် လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှ စတင်၍ မြန်မာနိုင်ငံ အစိုးရမှ ပေးအပ်သည့် ဘွဲ့မှန်သမျှ အားလုံးယူဆောင်ပြီးဖြစ်သည်ဟု ဇေကမ္ဘာဦးခင်ရွှေ က မွန်ပြည်နယ်၊ ရေးမြို့နယ်သို့ လှူဒါန်းရေး ခရီးစဉ်အခမ်းအနား၌ ပြောဆို ခဲ့သည်။

“လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာပေးတဲ့ဘွဲ့မှန်သမျှ အကုန်ယူသွားပြီ။ အဂ္ဂမဟာ သဒ္ဓမ ဇောတိကဓဇ၊ နောက်တခါ ၀ဏ္ဏကျော်ထင်၊ နိုင်ငံတကာတက္ကသိုလ်တွေကလည်း ဒေါက်တာဘွဲ့တွေ ပေးတယ်။ ဘာကြောင့်ပေးလဲဆိုတော့ ကျွန်တော်က အလှူအတန်းဝါသနာပါတယ်။ ငယ်ငယ်ကတည်းက ချို့ချို့တဲ့တဲ့နဲ့ ကျောင်းနေခဲ့ရတော့ အားလုံးကို ကိုယ်ချင်းစာတယ်။ မနှစ်ကဆိုရင် တစ်နှစ်လုံးအလှူကို ချုပ်လိုက်တာ သိန်း ပေါင်း သုံးသောင်းရှစ်ထောင်ကျော်ရှိတယ်။”ဟု ဇေကမ္ဘာဦးခင်ရွှေက ပြောသည်။

ရေးမြို့နယ်ရှိ မာရဒေ၀ီပညာရေး ဖောင်ဒေးရှင်းနှင့် ရေးမြို့ပေါ်ရှိ အ.ထ.က ကျောင်းများသို့ သြဂုတ် (၂)ရက်နေ့ က အလှူငွေများလာရောက်ပေးအပ်သည့် အခမ်းအနား၌ အထက်ပါအတိုင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။

“ဒီနှစ် ဧပြီလ (၁)ရက်နေ့က စပြီးတော့ ဇူလိုင်လမှာ ကျွန်တော့်အတွင်းရေးမှူးက ဥက္ကဋ္ဌလှူလိုက်တာ သိန်းပေါင်းတစ်သောင်းရှစ်ထောင်ကျော်ရှိသွားပြီ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ နောင်တမရခဲ့ဘူး။ ဘာလို့လဲဆိုတော့သေသွားမှ ကျွန်တော်မလုပ်လိုက်ရတာတွေ ရှိသွားမှာ စိုးလို့ပါ။” ဟု ဇေကမ္ဘာဦးခင်ရွှေက ဆက်ပြောသည်။

ဇေကမ္ဘာဦးခင်ရွှေသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးဖြစ်ကာ ရေးမြို့နယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးတို့နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုအရ လာရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ ဦးခင်ရွှေနဲ့ ကျွန်မတို့က ပါတီတူတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ ပါတီမတူပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့အမြင်နဲ့ လူမျိုး၊ ပါတီ၊ ဒေသမခွဲဘဲ အတူတကွပူးပေါင်းဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တစ်ဦး ဖြစ်ပါတယ်။” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ပြောသည်။

ဒေါက်တာဦးခင်ရွှေသည် ရေးမြို့သို့ရောက်ရှိစဉ် ရေးမြို့နယ်ရှိ မာရဒေ၀ီပညာရေးဖောင်ဒေးရှင်းသို့ ရံပုံငွေအဖြစ် ငွေကျပ်သိန်း(၂၀၀)၊ အ.ထ.က(ခွဲ)၊ အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းများသို့ ငွေကျပ်သိန်း(၅၀)စီနှင့် ကျောင်းဆရာမ၀တ်စုံ၊ စာအုပ်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုလည်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဦးခင်ရွှေသည် ယခင် န၀တ၊ နအဖ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး စစ်အစိုးရ၏ တတိယ အဆင့် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နှင့် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ခမည်း ခမက်တော်စပ် သူလည်းဖြစ်ကာ လယ်မြေများ အများအပြားသိမ်းဆည်းကာ လျော်ကြေးငွေ မပေးသည့်အတွက် လယ်သမားများဖြင့် အငြင်းပွားမှုများလည်း ရှိနေသူဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List