Thursday, August 07, 2014

(၂၆) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ တက်ရောက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထား


(၂၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားသို့ တက်ရောက်ရန် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားကြောင်း အခမ်းအနား ကျင်းပရေးကော် မတီ ပြန်ကြားရေးတာဝန်ခံ ကိုအံ့ဘွယ်ကျော်က ပြောကြားသည်။

အဆိုပါ (၂၆) နှစ်မြောက်အခမ်းအနား ကို ဩဂုတ် ၈ ရက်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယ ဘုန်းတော်ကြီးကျောင်း၌ အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နံနက်ပိုင်းတွင် အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခြင်းနှင့် မွန်းလွဲပိုင်းတွင် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင် အထည်ဖော်ရေးကော်မတီမှ တစ်နှစ်တာလုပ်ငန်းစဉ်အား အစီရင်ခံစာတင်ခြင်း၊ အစီရင်ခံစာအပေါ် ဆွေးနွေးသုံးသပ်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၅) နှစ်မြောက် ရှစ်လေး လုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်း အနားကို ရန်ကုန်မြို့၌ ခမ်းနားစွာကျင်းပခဲ့ပြီး အခမ်းအနားကျင်းပရေး ကော်မတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၊ သံတမန်များနှင့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့လည်း တက်ရောက်ခဲ့သည်။

သို့ရာတွင် ယခုပြုလုပ်မည့် (၂၆) နှစ်မြောက် အခမ်းအနားတွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ပါတီများ၊ အသင်းအဖွဲ့များသာ ဖိတ်ကြားထားကြောင်း၊ ယခင်နှစ်ကဲ့သို့ အစိုးရတာဝန်ရှိသူများ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၊ သံတမန်များအား သီးခြားဖိတ်ကြားထားခြင်း မရှိကြောင်းနှင့် မည်သူမဆို အခမ်းအနားသို့ တက်ရောက်နိုင်ကြောင်း သိရသည်။

ထို့အပြင် (၂၆) နှစ်မြောက်အခမ်းအနား ကျင်းပရေးအတွက် ရန်ပုံငွေရှာဖွေရာတွင် ကျင်းပရေးကော်မတီ၏ အမည်အား အလွဲသုံးစားပြု၍ ငွေကြေးကောက်ခံမှုများ မရှိစေရန် ပြင်ပမှ ရန်ပုံငွေကောက်ခံခြင်း ပြုလုပ် မည်မဟုတ်ကြောင်း ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်ဖော်ဆောင်ရေး ကော်မတီမှ ဦးမြင့်အောင်က ပြောကြားထားသည်။

၂ဝ၁၃ ခုနှစ် ဩဂုတ် ၆ ရက်၊ ၇ ရက်၊ ၈ ရက်တို့တွင် ရန်ကုန်မြို့ MCC ခန်းမ၌ ပြုလုပ်ခဲ့သည့် (၂၅) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားတွင် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲ ရန် (သို့မဟုတ်) အသစ်ရေးဆွဲရန်၊ အမျိုးသား အင်အားစုများအားလုံး ပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန် တို့ကို ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော် ဆောင်ရေး ကော်မတီကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များအပါအဝင် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ် ၃၅ ဦးဖြင့် ဖွဲ့စည်းထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List