Thursday, August 07, 2014

ရှစ်လေးလုံးကာလ သမ္မတ ဦးသိန်းစိန် ၏ ကိုင်တွယ်မှုများအပေါ် ၀ီကီလိခ်၏ ဖော်ပြချက်များ မမှန်ကန်


ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလတွင် သမ္မတဦးသိန်းစိန်သည် အကြမ်းဖက်နှိမ်နင်းဖြိုခွဲသူများ ထဲ၌ တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ၀ီကီလိခ်၏ဖော်ပြချက်မှာ မှန်ကန်မှုမရှိကြောင်း သိရသည်။၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၀ ရက် ရက်စွဲဖြင့် အမေရိကန်သံရုံးသံတမန် များထံမှပေါက်ကြားလာသည့် ကြေးနန်းစာတစ်စောင်ကို ၀ီကီလိခ်ကဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုဖော်ပြချက်ကိုကိုးကားပြီး သြဂုတ် ၄ ရက်နေ့စွဲဖြင့် Burma Campaign UK ကလည်း ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ရှစ်လေးလုံး အရေးအခင်း၌ သမ္မတဦးသိန်းစိန်လုပ်ဆောင်ခဲ့သည်များကို ထုတ်ဖော်ပြောကြား ရန် တိုက်တွန်းခဲ့သည်။

ပေါက်ကြားခဲ့သော ကြေးနန်းတွင်ဖော်ပြထားချက်များအရ ဗိုလ်မှူးသိန်းစိန်သည် ရှစ်လေးလုံးကာလတွင် အရေးအခင်းများကို အဓိကနှိမ်နင်းဖြိုးခွင်းခဲ့သည့် ခြေမြန်တပ်မ ၅၅ ၏တပ်မှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်ဟု ဖော်ပြခဲ့သည်။

သို့သော် ၀ီကီလိခ်ကဖော်ပြခဲ့သောအချက်အလက်များ မှားယွင်းနေကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်) က ၎င်း၏ Facebook မှတစ်ဆင့် အချက်အလက်များ ထုတ်ဖော်ပြောကြားပြီး ရှင်းလင်းခဲ့သည်။ 

မှူးဇော် Facebook တွင်ဖော်ပြခဲ့သော အချက်အလက်များအရ ရှစ်လေးလုံး အရေးအခင်းကာလတွင် သမ္မတဦးသိန်းစိန်သည် တပ်ရင်းမှူးအဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ခလ ရ-၈၉(ကလေးမြို့) ခြေလျင်တပ်ရင်း၌ တာဝန်ထမ်းဆောင် ခဲ့ကာ တပ်မတော်ကအာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီး ဌာန(ကြည်း)၌ စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူးတာဝန်များကို ထမ်းဆောင် ခဲ့ကြောင်း သိရသည်။

ရှစ်လေးလုံးကာလတွင် အိန္ဒိယနိုင်ငံသို့ရောက်ရှိသွားပြီး အဖမ်းခံရကာ ကလေးမြို့သို့ ပြန်လည် ခေါ် ဆောင်ခံခဲ့ရသူ ကျောင်းသားတစ်ဦးဖြစ်သည့် ဒေါက်တာဇော်မြင့်က သမ္မတဦးသိန်းစိန်သည် ၎င်းတို့ကို ဖိနှိပ်ခဲ့ခြင်း မရှိကြောင်း ပြောကြားသည်။

"အဲဒီတုန်းက ကျွန်တော်တို့ကို တမူးကဖမ်းလာတယ်။ ကလေးမြို့ကိုပြန်ခေါ် လာတယ်။ ကလေးမြို့မှာ ကျွန်တော်တို့ အဲဒီတုန်းက တပ်ရင်းမှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးသိန်းစိန်နဲ့ တွေ့ရတယ်။ ကျွန်တော်တို့ကို အေးအေးဆေးဆေး ပဲထားပါတယ်။ အချုပ်သားလိုမထားဘူး။ ဧည့်ရိပ်သာမှာပဲထားတယ်။ ကျွန်တော်တို့ အပြင်ထွက်မယ်ဆိုရင်လည်း ဒီတိုင်းပဲ ဈေးဝယ်တွေ ဘာတွေဆိုရင်လည်း တပ်ကကားနဲ့ လိုက်ပို့ပေး တယ်။ ဦးသိန်းစိန်က ဘာမှလည်းမဆုံးမပါဘူး။ လိမ်လိမ်မာမာနေကြကွာ တစ်ခွန်းပဲပြောတယ်။ နောက်နှစ်ရက် ကျတော့ အန်ကယ်ဦးအောင်သင်း (ဒေါက်တာသန်းထွဋ်အောင် ၏ဖခင်) လာခေါ်တာနဲ့ လက်ထဲကို ထည့်ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်" ဟု ဒေါက်တာဇော်မြင့်ကဆိုသည်။

ဒေါက်တာသန်းထွဋ်အောင်ကလည်း ၎င်းအနေဖြင့် သမ္မတဦးသိန်းစိန်၏ စစ်မှုထမ်းကာလ ဆောင်ရွက် ချက်များကို သိရှိထားပြီး စစ်မှုထမ်းကာလတစ်လျှောက်တွင် စိတ်သဘောထားကောင်း မွန်သူဖြစ်သည်ဟု ပြောကြားသည်။

"သမ္မတကြီးဦးသိန်းစိန်ရဲ့စစ်မှုထမ်းကာလကို ကျွန်တော်သူ့ရဲ့မိတ်ဆွေတွေ ကတဆင့် တော်တော် သိထားပါတယ်။ အရေးအခင်းပြီးလို့ စစ်ခုံရုံးနဲ့ ကျောင်းသားတွေ၊ လှုပ်ရှားသူတွေကို ထောင်တွေ ချကြတယ်ဆိုတဲ့ အထဲမှာ စစ်ခုံရုံးဥက္ကဋ္ဌအဖြစ် ဦးသိန်းစိန်တာဝန်ယူခဲ့ဖူးတယ်။ ဒါပေမဲ့ သူနဲ့အတူ တာဝန် ထမ်းဆောင်ခဲ့တဲ့ ခုံရုံးအဖွဲ့ဝင်တစ်ဦးရဲ့ပြောပြချက်အရတော့ ဦးသိန်းစိန်ဟာ အထက်အမိန့်အရလုပ်ရ တာတောင် အမြဲတမ်း ပြစ်ဒဏ်တွေကို အနည်းဆုံးဖြစ်အောင်၊ အနည်းဆုံး ဘယ်လိုချပေးရမလဲဆိုတာကို သူအမြဲတမ်းစဉ်းစားပြီး သူချခဲ့တဲ့ပြစ်ဒဏ်တွေက အနည်းဆုံးဖြစ်ခဲ့တယ်လို့ သိရတယ်။ နောက်ပြီး ၂၀၀၇ သံဃာအရေးအခင်း လိုဟာ မျိုးမှာလည်း နှိမ်နင်းခဲ့တဲ့အထဲမှာ ဦးသိန်းစိန်မပါဘူး။ ကျွန်တော့်အနေနဲ့ အရေးအခင်းတွေမှာ ဘယ်သူတွေဟာတာဝန်ရှိလဲဆိုတာ၊ ဘယ်သူတွေ နှိမ်နင်းခဲ့တဲ့အထဲမှာပါတယ်၊ ဘယ်သူတွေတာဝန်ရှိလဲ ဆိုတာ ကျွန်တော်တို့အနေနဲ့ မှတ်တမ်းတွေ ကျွန်တော့်မှာလည်းရှိထားပါတယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ်ကြီး စိုးဝင်း ဆိုရင် ၈၈ က သမိုင်းဝင်ဓာတ်ပုံတစ်ခုမှာ လှံစွပ်တွေနဲ့ထိုးတဲ့ဘက်မှာ ညွှန်ကြားနေတာ သူ့ပုံပါပဲ။ ဦးသိန်းစိန် ရဲ့စစ်မှုထမ်းကာလမှာ ဒီလိုရက်ရက်စက်စက်လုပ်ခဲ့တာမျိုး မရှိပါဘူး။ 

လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်မျိုးတွေ ကျွန်တော်တို့မကြားမိဘူး။ ၂၀၀၇ သံဃာအရေး အခင်း မှာလည်း တကယ်တော့ အမိန့်ပေးတဲ့သူ၊ ထပ်ဆင့်အမိန့်ပေးသူ၊ အကောင်အထည်ဖော်သူ အဲလူတွေ ထဲမှာ ဦးသိန်းစိန် မပါဘူး။ ဒါပေမဲ့ စစ်မှုထမ်းကာလတစ်လျှောက်လုံးမှာတောင် စိတ်သဘော ထားကောင်းမွန်တဲ့ သမ္မတဟာ ဒီတစ်နှစ်နှစ်အတွင်းမှာ ဘယ်သူတွေကြောင့်၊ ဘယ်လိုကြောင့် ပြောင်းလဲသွားလဲဆိုတာ ကျွန်တော်တော်တော်နားမလည်ဖြစ် ရတယ်" ဟု ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List