ရွေးကောက်ပွဲအားလုံး၌ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် မဲအချိုးကျကိုယ်စားပြု စနစ်ကို လက်မခံသည့်အတွက် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် သြဂုတ်လ ၄ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။
ဒေသခံများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် လူမှုအဖွဲ့အစည်းများမှ လူအင်အား ၅၀ ဝန်းကျင်ခန့်က ပြည်သူလူထု အလိုမရှိသော ပီအာစနစ် အလိုမရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးကို ပျက်ပြားစေသော ပီအာစနစ် အလိုမရှိ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေသော ပီအာစနစ် အလိုမရှိ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပြည်မြို့ ဗိုလ်ချုပ်လမ်း၊ ရွှေတချောင်းလမ်းနှင့် လမ်းမတော်လမ်း တစ်လျှောက်တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
“PR စနစ်က တိုင်းပြည်အတွက် မရှိသင့်ဘူး။ ဒီမိုကရေစီ တည်ထောင်နေနဲ့ တိုင်းပြည်မှာ ဘာမှမပြည့်စုံဘဲ ကျင့်သုံးတာ အဆင်မပြေနိုင်ဘူး။ လက်ရှိအစိုးရ ပြင်ဆင်ထားတာက မမျှတဘူး။ သူတို့ပါ ပါဝင်ဆင်နွှဲမယ့် အနေအထားကြောင့် မကြိုက်တဲ့အတွက် ဆန္ဒပြတာ” ဟု ဦးဆောင်သူ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြည်မြို့နယ် စည်းရုံးရေးမှူး ဦးဝဏ္ဏက ဆိုသည်။
ဆန္ဒထုတ်ဖော်ပွဲအတွက် သက်ဆိုင်ရာကို ခွင့်ပြုချက် တင်ပြသော်လည်း မပြည့်စုံဟုဆိုကာ ငြင်းပယ်ခံရကြောင်း ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ပြည်သူ့အထောက်အကူပြု ကွန်ရက်၊ လက်တွဲကူမယ်တို့လူငယ် စသည့် နိုင်ငံရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်း ဆန္ဒထုတ်ဖော်ခြင်း လည်း ဖြစ်သည်။
PR စနစ် ကန့်ကွက်ရေးအတွက် NLD ပါတီက သြဂုတ်လ ၂ ရက်က ရန်ကုန်မြို့၊ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်ခဲ့ပြီးနောက် ပြည်မြို့တွင် သြဂုတ်လ ၄ ရက်၌ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကာ သြဂုတ်လ ၈ ရက်တွင် တောင်ငူမြို့တွင်လည်း နိုင်ငံရေး လှုပ်ရှားသူများက ကန့်ကွက် ဆန္ဒထုတ်ဖော်မည် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment