Thursday, August 07, 2014

ဂါဇာဒေသ အပစ်အခတ်ရပ်စဲမှုမှ တစ်ဆင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားရန် အမေရိက တိုက်တွန်း


လတ်တလော ထွက်ပေါ်ခဲ့သော ဂါဇာဒေသ အပစ်အခတ်ရပ်စဲမှုကို ကောင်းစွာ အသုံးချကာ ကျယ်ပြန့် သည့် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားကြရန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အစ္စရေးနှင့် ပါလက်စတိုင်းတို့ကို တိုက်တွန်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂါဇာဒေသနှင့် ပတ်သက်၍ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့ အနေနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားနိုင်မည့် အနေအထားတွင် ရှိကြောင်း ဂျွန်ကယ်ရီ က ပြောကြားသည်။ 

“ဘယ်နိုင်ငံမှ အဲဒီလို အခြေအနေမျိုးနဲ့ မနေနိုင်ပါဘူး။ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ မိမိကိုယ့်ကိုယ် ကာကွယ်နိုင်ရေးအတွက် အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေနဲ့ အခွင့်အရေးတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပါတယ်။ အစ္စရေးတို့ရဲ့ အနောက်ဘက်မှာ အမေရိကား ရှိနေပါတယ်” ဟု ဂျွန်ကယ်ရီက BBC သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသည်။

လတ်တလော ဂါဇာဒေသတွင် လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးအတွက် ၇၂ နာရီကြာ အပစ်အခတ် ရပ်စဲထားသည်။ 

ဂါဇာဒေသသို့ ဝင်ရောက်နိုင်ခြင်း မရှိအောင် ချထားသည့် အဟန့်အတားများ ဖယ်ရှားပေးရန် ပါလက်စတိုင်းတို့၏ တောင်းဆိုမှုကို ထောက်ခံခြင်း ရှိ၊ မရှိ မေးမြန်းရာ ဂျွန်ကယ်ရီက “ကျွန်တော်တို့ လုပ်ချင်တာက ပါလက်စတိုင်းတွေ အနေနဲ့ သူတို့ရဲ့ လူနေမှုဘဝ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လိုတဲ့ ဆန္ဒကို ထောက်ပံ့ပေးချင်တာရယ်၊ အစားအသောက်တွေ ရရှိပြီး ပြန်လည် တည်ဆောက်ရေးကို ကောင်းစွာ လုပ်ကိုင်နိုင်ဖို့နဲ့ ကြီးမားသော လွတ်လပ်မှု ရရှိဖို့လည်း ထောက်ပံ့ပေး ချင်ပါတယ်” ဟု ဖြေကြားသည်။ 

ဂါဇာအခြေစိုက် BBC သတင်းထောက်အဆိုအရ ယခုအခါ ထောင်ပေါင်းများစွာသော အိုးအိမ်စွန့်ခွာ နေရသည့် ပါလက်စတိုင်း လူမျိုးများသည် ၎င်းတို့နေရပ်သို့ ပြန်လည် ဝင်ရောက်လျက် ရှိကြောင်း၊ သို့သော် နေအိမ်အများစုမှာ စစ်ပွဲကြောင့် ပျက်စီးခဲ့ရပြီ ဖြစ်ကြောင်း သိရသည်။ 

အခြားသော သတင်းဌာနများ အဆိုအရ အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် ရေရှည် အပစ်အခတ်ရပ် စဲရေး သဘောတူညီမှု ရရှိရေးအတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ သံတမန်များ စေလွှတ်ကာ ဆွေးနွေးမှု ပြုလုပ်မည် ဖြစ်သည်။ 

ဂါဇာဒေသရှိ ဟားမတ်စ်များအပေါ် အစ္စရေး၏ ထိုးစစ်ဆင် တိုက်ခိုက်မှု များကြောင့် သေဆုံးသူ ၂၀၀၀ နီးပါး ရှိသွားပြီ ဖြစ်ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List