Bi မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦး၊ သတင်းထောက်၊ ပိုင်ရှင်နှင့် ပိုင်ရှင်၏သူငယ်ချင်းတို့ကို သြဂုတ် ၄ ရက်က ပန်းဘဲတန်းတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။ အဆိုပါ ရုံးချိန်း၌ တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင်(ခ)အောင်သန့်၊ အယ်ဒီတာ ကိုရဲမင်းအောင်၊ အယ်ဒီတာ ကိုဝင်းတင်နှင့် သတင်းထောက် ကိုကျော်ဇောဟိန်း(ခ)မင်းဝဿန်၊ ဂျာနယ်တိုက်ပိုင်ရှင် ဦးကျော်မင်းခိုင်နှင့် ၎င်း၏သူငယ်ချင်း ဦးယဉ်မင်းထွန်း၊ MDCF အဖွဲ့မှ ကိုနောင်နောင်တို့ကို သြဂုတ် ၄ ရက် နံနက်က အချုပ်ကားဖြင့် ပန်းဘဲတန်းတရားရုံး၌ ရုံးထုတ်ခဲ့သည်။
MDCF အဖွဲ့မှကိုနောင်နောင်ကို ကျောက်တံတားတရားရုံးသို့ ပြောင်းလဲစစ်ဆေးခဲ့ပြီး Bi မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာတစ်ဦးဖြစ်သူ ကိုရဲမင်းအောင်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ အရ တရားရှင် လွှတ်ပေးခဲ့သည်။
ထို့ပြင် ကျန်ဂျာနယ်လစ်သုံးဦးနှင့် ပိုင်ရှင်နှစ်ဦးကိုလည်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင် သည့် အရေးပေါ်စီမံမှုအက်ဥပဒေဖြင့် တရားစွဲဆို ထားသောအမှုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)/၃၄ (ပူးပေါင်းကြံစည်မှု)တို့ဖြင့် ပန်းဘဲတန်းတရားရုံးက ပြောင်းလဲစစ်ဆေးခဲ့သည်ဟု ဂျာနယ်လစ် များနှင့် ပိုင်ရှင်များ၏ ဥပဒေအကျိုးဆောင်တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြား သည်။
ဂျာနယ်လစ်လေးဦး၊ ပိုင်ရှင်နှင့် ၎င်း၏သူငယ်ချင်းတို့မှာ ဇူလိုင် ၇ ရက်ကဖြန့်ချိခဲ့သော Bi မွန်းတည့်နေ ဂျာနယ်မျက်နှာဖုံးတွင်ဖော်ပြခဲ့သည့် "ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစု များအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ကထုတ်ပြန်" သတင်းကြောင့် ရဲသတင်းတပ်ဖွဲ့၏ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ၅(ဃ)/(ည)ဖြင့် အမှုဖွင့်တရားစွဲခံခဲ့ ရခြင်းဖြစ်သည်။
ယင်းနောက် သြဂုတ် ၁ ရက်က နိုင်ငံတော်သမ္မတနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)တို့ နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံနေရ မှုများကို တရားစီရင်ရေးကဏ္ဍ၏ လွတ်လပ်စွာဆောင်ရွက်မှုအား မထိခိုက်စေသော နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ မီဒီယာသမား များနစ်နာမှုမရှိစေရန် ဥပဒေကြောင်းအရ မျှတစွာဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။
"သမ္မတကြီးနဲ့ စာနယ်ဇင်းကောင်စီတို့တွေ့ဆုံမှုရဲ့အသီးအပွင့်ကို အောက်ခြေက စတင်အကောင်အ ထည်ဖော်တယ်လို့ပြောလို့ရပါတယ်။ အခုစွဲဆိုထားတဲ့ပြစ်မှုကလည်း အများဆုံး ထောင်နှစ်နှစ်ပဲချမှတ် လို့ရပြီး ငွေဒဏ်တောင်ချမှတ်နိုင်တဲ့ပုဒ်မမျိုးပါ။ နောက်လည်း သတင်းမီဒီယာအပေါ်ဖြေလျှော့မှုတွေ ထပ်လုပ်ပေးလိမ့်ဦးမယ်ထင်ပါတယ်" ဟု သတင်းမီဒီယာအမှုများကို ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
"ပုဒ်မပြောင်းလဲစစ်ဆေးရုံနဲ့မပြီးဘူးလို့ထင်တယ်။ ပုဒ်မပြောင်းပြီး အဲဒီပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်တယ်ဆိုရင်လည်း ဒါဟာဖြေလျှော့မှုမဟုတ်ဘူး။ ထုတ်ပြန်ချက်ကိုရေးတဲ့သတင်းအနေနဲ့ ဒီပုဒ်မ (နိုင်ငံတော်အကြည်ညို ပျက်စေမှု)နဲ့ စွဲသင့်၊ မစွဲသင့်ကိုလည်း စာနယ်ဇင်းကောင်စီက ထုတ်တဲ့ ကျင့်ဝတ်လက်စွဲနဲ့ တိုက်ပြီးစစ်ဆေးလို့ရတယ်။ အဲဒါဆိုရင် ကိုက်ညီ၊ မကိုက်ညီ အဖြေပေါ်လာမှာပဲ" ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး(၂) ကိုသန်းဌေးက သုံးသပ်သည်။
နောက်တစ်ကြိမ်ရုံးချိန်းကို သြဂုတ် ၁၄ ရက်(ကြာသပတေးနေ့)တွင် စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသို့ အစိုးရသတင်းမီဒီယာများမှလည်း လာရောက်သတင်းရယူခဲ့ကြသည်။
Eleven Media Group
No comments:
Post a Comment