Tuesday, August 05, 2014

ပန်းနဲ့ပေါက်မှာလား ဂျွန်ကယ်ရီ



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ သည် သြဂုတ် ၉ ရက်တွင် နေပြည်တော်၌ကျင်းပမည့် အာဆီယံဒေသ ညီလာခံ သို့ လာရောက်မည်ဖြစ် ပါသည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များတက်ရောက်မည့်ညီလာခံသို့ ဂျွန်ကယ်ရီ တက်ရောက်မည် ဖြစ်ပြီး မြန်မာအစိုးရခေါင်း ဆောင်များနှင့်လည်း သီးသန့်တွေ့ ဆုံဆွေးနွေးမည်ဖြစ်ပါသည်။
ဂျွန်ကယ်ရီသည် မြန်မာခေါင်းဆောင်များနှင့် ဘာတွေဆွေးနွေးမည်ကို အမေရိကန်ဘက်က အတိအကျမပြောကြား သေးသော်လည်း မြန်မာအစိုးရခေါင်းဆောင်များအတွက် ပန်းနှင့်ပေါက်သလို သည်းခြေကြိုက်စကား တွေဆောင်ကြဉ်း မလာမှာ တော့သေချာနေပါသည်။ အဘယ်ကြောင့်ဆိုသော် ဝါရှင်တန်ဒီစီရှိအမေရိကန်လွှတ်တော်ထဲတွင် မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း ဂျွန်ကယ်ရီအပါအဝင် အမေရိကန်အစိုးရတစ်ဖွဲ့လုံးကို ပါတီကြီးနှစ်ခုမှ အမတ်များက ဖိအားပေးလျက်ရှိပါသည်။

ပြီးခဲ့သည့်ဇူလိုင်နောက်ဆုံးပတ်တွင် မြန်မာ့အရေးနှင့်ပတ် သက်ပြီး အမေရိကန်လွှတ်တော်တွင် သြဇာကြီးမားလှသော ရီပက် ဘလေကန်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်လ်က ပြင်း ပြင်းထန်ထန်တောင်းဆိုခဲ့သည်။ ထို့အပြင် ဇူလိုင်လ ၃၁ ရက်တွင်လည်း အမေရိကန်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီများအပါအဝင် လွှတ်တော်အမတ် ၇၀ ကျော်က မြန်မာနိုင်ငံရေးကို တင်းတင်းမာမာကိုင်တွယ်ရန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီအား တရားဝင်စာထုတ်ပြီးတောင်း ဆိုခဲ့သည်။

သူတို့၏ပြောကြားချက်များ တွင် လတ်တလောမြန်မာအစိုးရ ၏ ပြုမူဆောင်ရွက်မှုများသည် အမှန်တကယ်ဒီမိုကရေ စီပြုပြင် ပြောင်းလဲရေးလုပ်ဆောင်နေသ လားဆိုသည်ကို မေးခွန်းထုတ်ထားပြီး သမ္မတအိုဘားမားအစိုးရအဖွဲ့ကို မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒအားသုံးသပ်ရန် မေးခွန်းထုတ်ထားပါသည်။

အမေရိကန်လွှတ်တော် အမတ်များ ထောက်ပြသည့် မြန်မာအစိုးရ၏ အပြုအမူများ တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင်တားထားသည့် အခြေခံဥပဒေကို ပြင်ဆင်ခြင်းမရှိ သည့်အချက်၊ မွတ်စလင်ဆန့်ကျင်ရေးဘာ သာရေး အကြမ်းဖက်မှုများကို အစိုးရက ထိထိရောက်ရောက် တားမြစ်ခြင်းမရှိသည့်အချက်။ တိုင်းရင်းသားလူမျိုးစု ဒေသများ၌ မြန်မာစစ်တပ်ကဖိ နှိပ်မှုများလုပ်နေသေးသည့် အ ချက်နှင့် သတင်းသမားများအား ပြင်းထန်သောအပြစ်များပေးပြီး သတင်းမီဒီယာများကို ပြန်လည်ဖိ နှိပ်မှုများလုပ်နေသည့် အချက် များကိုထောက်ပြထား ပါသည်။ အမေရိကန်လွှတ်တော်တွင် မြန် မာအစိုးရအပေါ် အကောင်းမြင် ပြောကြားမှုများက ၂၀၁၄ နှစ်ဆန်းကာလ ကတည်းက တဖြည်းဖြည်းဆိတ်သုဉ်းလာပြီး ဝေဖန်ပြစ်တင်သံများပိုများလာသည်။ အထူး သဖြင့် မြန်မာနိုင်ငံတွင်ဖြစ်နေ သမျှကို ဝါရှင်တန်ကအချိန်နှင့် တစ်ပြေးညီ သိသာနိုင်သည့်ကာလမျိုး၌ ပြည်တွင်းတွင်ဖြစ်နေသမျှ ကို ဖုံးဖိ၍မရနိုင်တော့။

နောက်အခြေအနေတစ်ခု က အမေရိကန်နိုင်ငံခြားရေးဌာန သည် နိုင်ငံတကာဧည့်သည်များ အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ အစိုး ရ၊ အတိုက်အခံ၊ တိုင်းရင်းသား၊ ဘာသာရေး၊ လူမှုအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများကို ဝါရှင်တန်ဒီစီသို့ အပတ်စဉ်ပုံမှန် ဖိတ်ကြားပြီး သူတို့၏ပြည်တွင်းမှ လက်တွေ့အမြင်များ၊ အတွေ့အ ကြုံများကို နားထောင်လေ့လာ၏။ ထိုအထဲတွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ဗိုလ်ချုပ် ဂွန်မော်လိုတိုင်းရင်းသားခေါင်း ဆောင်များလည်းပါဝင် သည်။ သို့ အတွက် မြန်မာအစိုးရလက်တွေ့ လုပ်ဆောင်နေသော တိုင်းရင်း သားများနှင့် အပစ်အခတ်ရပ်စဲ ရေးသည် မည်မျှအထိခရီးပေါက် နေပြီဆိုသည်ကိုလည်း ဝါရှင်တန် အစိုးရကသိနေသည်။ ဗိုလ်ချုပ် ဂွန်မော်က မြန်မာအစိုးရနှင့် ငြိမ်း ချမ်းရေးဆွေးနွေးရာတွင်ပါဝင်ရန် အမေရိကန်အစိုးရကို တရားဝင် တောင်းဆိုထားသည်။

အထူးသဖြင့် မြန်မာအစိုးရ ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေသည် က မကြာသေးမီက မန္တလေးတွင် ဆိုးဆိုးရွားရွားဖြစ်ပွား ခဲ့သော ဘာသာရေးအကြမ်းဖက်မှုများဖြစ် သည်။ ၁၉၈၈ အရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင်သံဃာတော်လှန်ရေး များတွင် သိန်းချီနေသော ဆန္ဒပြပြည်သူများကို အကြမ်းဖက်ပြီး ငြိမ်ဝပ်အောင်လုပ်ခဲ့ သော မြန်မာစစ်တပ်သည် အဆိုပါလူနည်းစု ဘာသာရေးအကြမ်း ဖက်ပွဲများကို ဘာကြောင့်မတား ဆီးနိုင်သလဲဟု အမေရိကန်လွှတ် တော်အမတ် များက မေးခွန်းထုတ်ထားကြသည်။ ထိုထက်ဆိုးသည်က လွှတ်တော်အမတ်အချို့က သမ္မတဦးသိန်းစိန်အစိုးရကပါ ဘာသာရေးအကြမ်းဖက်မှုများ တွင် အလိုတူအလိုပါဟု စွပ်စွဲကြခြင်းဖြစ်ပါသည်။

သို့သော် မြန်မာအစိုးရ အတွက် အားသာချက်များလည်း ရှိပါသည်။ ပထမတစ်ခုက မြန်မာ နိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုကို အိုဘားမားအစိုးရအဖွဲ့က အောင်မြင်သောနိုင်ငံခြားရေးမူ ဝါဒအဖြစ် မှတ်ယူထားသည်။ အထူးသဖြင့် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင် ရွက်ခဲ့သော ဟီလာရီကလင်တန် ၏ နိုင်ငံခြားရေးဝန်ကြီးဘဝအ တွေ့အကြုံများကို သုံးသပ်ထားသောခက်ခဲသည့်ရွေးချယ်မှုများ (Hard Choices)စာအုပ်တွင်အတိအလင်းရေးသား ထားသည်။ သို့အတွက် မြန်မာနိုင်ငံကို အပြစ်ပေးရန်ယခင်ကကဲ့သို့ ခပ်ကြမ်း ကြမ်းဆက်ဆံရေးပြောင်းလဲရန် က သမ္မတအိုဘားမားအစိုးရ အတွက် သိက္ခာကျစရာဖြစ်နေပါ သည်။

နောက်တစ်ခုက မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးသည် အာရှတိုက်တွင် တရုတ်နိုင်ငံ၏ သြဇာအာဏာကြီးထွားလာ မှုကို စိုးရိမ်ပူပန်နေသည့် အမေရိကန် ၏ မဟာဗျူဟာတစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အမေရိကန်နိုင်ငံခြား ရေး ဝန်ကြီးဟောင်း ဟီလာရီက လင်တန်၏ စာအုပ်ထဲ၌ ကန်နိုင်ငံက မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှု များကြောင့် ပိတ်ဆို့အရေးယူမှုသည် မြန်မာကို တရုတ်အစိုးရ၏ လက်တွင်းသို့ကျရောက်စေသည့်အတွက် အထက်လွှတ်တော်အမတ် ဂျင် ဝက်ဘ်အပါအဝင် လွှတ်တော် အမတ်များက စိတ်ပူခဲ့သည်ဟု ဆိုထားသည်။

အထူးသဖြင့် တောင်တရုတ် ပင်လယ်အရေးအခင်းနှင့်ပတ် သက်၍ တရုတ်အစိုးရနှင့် ဂျပန် အစိုးရတို့၏ မဟာမိတ်ဖြစ် သည့် အမေရိကန်နိုင်ငံတို့ဆက်ဆံရေး တင်းမာနေချိန်တွင် မြန်မာကို တရုတ်အစိုးရနှင့် ပြန်နီးစပ်သွား မည်ကို အမေရိကန်အစိုးရက မလိုလားပေ။ ထို့ကြောင့် ယခင်ကကဲ့သို့မြန်မာကို ပြင်းပြင်းထန်ထန် အရေးယူပိတ်ဆို့မှုများပြန် လုပ် ရန်အတွက် စဉ်းစားစရာတွေရှိနေ သည်။

သို့သော်လည်း ဂျွန်ကယ်ရီ ထက်အရင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကတော့ အမေရိကန်အစိုးရသည် မြန်မာ အစိုးရ၏ အပြုအမူတိုင်းအတွက် ထိုက်သင့်သောဆောင်ရွက်ချက် များနှင့်တုံ့ပြန်မည်ဟု အတိအ လင်းပြော ထားသည်။ ထိုအခြေ အနေတွင် အရေးယူပိတ်ဆို့မှုတစ် ခုကိုလည်းအသုံးမပြု။ လိုက် လျောအခွင့်အရေးပေးသည့်နည်း တစ်ခုတည်းလည်းမဟုတ်။ နှစ်ခု စလုံးကို တစ်ချိန်တည်းတစ်ပြိုင် တည်းစွဲကိုင်အသုံးပြုမည်ဟုဆိုသည်။

မကြာမီ နေပြည်တော်သို့ အရောက်လာပြီး မြန်မာခေါင်း ဆောင်များနှင့်တွေ့ဆုံမည့် နိုင်ငံ ခြားရေးဝန်ကြီးဂျွန်ကယ်ရီ ကကော မည်သို့ဆောင်ရွက်မည်လဲ။ လွှတ်တော်အမတ်များ တိုက်တွန်းသလို မြန်မာအစိုးရအပေါ် ဝေဖန်ပြစ်တင်မှုများ ခပ်ကြမ်း ကြမ်းပြောမှာလား။ သံတမန် ပရိယာယ်ကြွယ်စွာဖြင့် လိုချင်သောစကားများကို ပန်းစကားနှယ် တန်ဆာ ဆင်ပြောကြားတိုက် တွန်းမည်လား။ အားလုံးကစိတ် ဝင်တစား စောင့်ကြည့်နေပါ သည်။

တစ်ခါတစ်ရံတွင်မူ နိုင်ငံ ရေးတွင် ပန်းနှင့်ပေါက်သည်ကလည်း နာကျင် စရာဖြစ်တတ်ပါသည်။

7Day News Journal

No comments:

Post a Comment

My Blog List