Thursday, August 07, 2014

ကလေးတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဖွဲ့


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် အတွင်းရှိ ဒေသခံများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် ဘာသာပေါင်းစုံ သွေးစည်းညီညွတ်ရေးအဖွဲ့ကို သြဂုတ်လ ၆ ရက်က ဖွဲ့စည်းခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ခရိုင်အေးချမ်းသာယာရေး အတွက် လိုအပ်သော အဖွဲ့ဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ ရွှေဘိုခရိုင်မှအပ ကျန်ခရိုင်များတွင် ဖွဲ့စည်းရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူးက ပြောကြားသည်။

“ကလေးမြို့မှာရှိတဲ့ ဘာသာကြီး လေးခုက ဦးဆောင်သူတွေနဲ့ ဖွဲ့စည်းခဲ့ပြီး ဘာသာဝင် အချင်းချင်း ပြဿနာပေါ်ရင် ဖြေရှင်းပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

ယခင်ကတည်းက ဘာသာမတူသူများ အချင်းချင်း ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့ကြပြီး ယခုကဲ့သို့ အဖွဲ့ အစည်းတစ်ခု ဖွဲ့စည်းလိုက်ခြင်းအားဖြင့် ပဋိပက္ခများ မဖြစ်ပေါ်ရေးအတွက် ကြိုတင်ကာကွယ်ထားရာ ရောက်ကြောင်း နေသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မိက က မိန့်ဆိုသည်။

“အချင်းချင်း အရင်ကထက် ပိုပြီး ဘာသာရေးနဲ့ဆိုင်တဲ့ မမြင်မတူမှုတွေ၊ တစ်ဘာသာနဲ့ တစ်ဘာသာ နှိမ့်ချပြောဆိုမှုတွေကို ရှောင်ကြဉ်သင့်တယ်။ ဒါဆိုရင် ပြဿနာဖြစ်နိုင်တဲ့ အလားအလာတွေ နည်းသွားမှာပါ” ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်လာသော ခရစ်ယာန် ဓမ္မဆရာတစ်ဦးက ဆိုသည်။

ကလေးမြို့နယ်အတွင်း ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် ဘာသာဝင်များ နေထိုင်ကြပြီး အခြား မြို့ကြီးများတွင် ဘာသာရေး အခြေခံသော ပဋိပက္ခများ ဖြစ်ပွားစဉ်တွင်ပင် မြို့ခံလူမှုရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်ကြီးများ၏ ထိန်းသိမ်းမှုကြောင့် မည်သည့် ပဋိပက္ခမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List