Wednesday, August 06, 2014

MH370 ရှာဖွေရေး တာဝန်ယူမည့် ကန်ထရိုက်တာ ကုမ္ပဏီကို အတည်ပြုကြေညာ


ကာလရှည်ကြာ ပျောက်ကွယ်နေသည့် MH370 လေယာဉ်ကို တာဝန်ယူ ရှာဖွေမည့် ကန်ထရိုက်တာအဖြစ် နယ်သာလန်ကုမ္ပဏီတစ်ခုကို အတည်ပြု ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။ Fugro Survey ကုမ္ပဏီ သည် မတ်လ(၈)ရက် ကတည်းက အကြောင်းရင်းမသိ ပျောက်ဆုံးသွားသည့် မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ကို ရှာဖွေမည့် လုပ်ငန်းစဉ်များကို ဩစတြေးလျ အစိုးရထံမှ လက်လွှဲယူမည် ဖြစ်သည်။ Fugro Survey သည် သင်္ဘောနှစ်စီးကို အသုံးပြုကာ အိန္ဒိယ သမုဒ္ဒရာထဲတွင် လေယာဉ်ပျက်ကို ဖြန့်ကျက် ရှာဖွေသွားမည် ဖြစ်သည်။

အဆိုပါ သင်္ဘောများတွင် အသံလှိုင်း အာရုံခံစနစ်များ၊ ပဲ့တင်သံ ထုတ်လွှင့်စနစ်များ၊ ရအောက်ကင်မရာများ တပ်ဆင် ထားပြီး လေယာဉ်ပျက်၏ အစိတ်အပိုင်းဟု ယူဆရသော အရာများကို ဖြန့်ကျက် ရှာဖွေသွား မည်ဟု သိရှိရသည်။ Fugro Surveyသည် စက်တင်ဘာလတွင် ပထမဆုံး ရှာဖွေရေး လုပ်ငန်းစဉ်ကို စတင်မည်ဖြစ်ပြီး ဧရိယာအားဖြင့် စတုရန်း ကီလိုမီတာ ခြောက်သောင်း ကျယ်ပြန့်သော ရေပြင်ကို ဇုန်သတ်မှတ် ရှာဖွေရေးဇုန်အဖြစ် သတ်မှတ်မည်ဟု ဆိုသည်။

MH370 သည် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းနေရာမှ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ဂြိုဟ်တု ပုံရိပ်များအရ လူပေါင်း(၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်ပျံသည် နောက်ကြောင်းပြန်လှည့်ကာ မလေးရှားနိုင်ငံ ဝေဟင်ပိုင်နက်ကို ကျော်ဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းရင်း ပျက်ကျသွားသည်ဟု ယူဆရသည်။ လေယာဉ်၏ Black Box များကို ရှာဖွေနိုင်ခြင်း မရှိခဲ့သလို လေယာဉ်ပေါ်တွင် မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည် ဆိုခြင်းကို ယခုအချိန်ထိ မည်သူမျှ တိတိကျကျ မသိရှိခဲ့ချေ။

Fugro Survey ၏ သင်္ဘောနှစ်စင်းအနက် Fugro Discovery သည် ဗြိတိန်နိုင်ငံမှတစ်ဆင့် ဩစတြေး လျနိုင်ငံ၊ ပါ့သ်မြို့သို့ စတင်ထွက်ခွာသွားပြီ ဖြစ်သည်။ အခြားသင်္ဘော Fugro Equator မှာ ရှာဖွေရေး သတ်မှတ်ဇုန်တွင် ရောက်ရှိနေပြီး လေ့လာမှုများ ပြုလုပ်နေပြီဟု သိရသည်။ ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရုစ်က “Fugro Survey ကို ကန်ထရိုက်တာအဖြစ် ရွေးချယ်လိုက်ရတဲ့ အကြောင်းက ငွေကြေးကဏ္ဍ အရရော၊ နည်းပညာအသုံးပြုမှု အပိုင်းမှာပါ အသင့်တော်ဆုံး ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့ အနေနဲ့တော့ အစောဆုံး သတ်မှတ်တဲ့ ရှာဖွေရေးဇုန်မှာ လေယာဉ်ပျက်ကို ရှာတွေ့မယ်လို့ အကောင်းမြင် မျှော်လင့်ထား ပါတယ်”ဟု ပြောကြားခဲ့သည်။

Fugro Survey ၏ ရှာဖွေရေး လုပ်ငန်းစဉ်များကို အသံလှိုင်းထုတ်လွှင့်မှု ကိရိယာများ တပ်ဆင်ထားသည့် သင်္ဘောနှစ်စီး အပါအဝင် မလေးရှား ရေယာဉ် လေးစီးကလည်း ထောက်ပံ့ ကူညီသွားမည် ဖြစ်သည်။ လေယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား အများအပြား လိုက်ပါသွားရာ တရုတ်သင်္ဘောတစ်စီးကလည်း အဆိုပါ ဧရိယာ အနီးတဝိုက် ပင်လယ်ကြမ်းပြင်ကို စစ်ဆေးမှုများ ပြုလုပ်နေသည်။

ယခုနှစ်သည် မလေးရှား လေကြောင်းလိုင်းအတွက် ဆိုးရွားသော ကာလတစ်ခု ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် လအတွင်းက MH17 ခရီးသည်တင် လေယာဉ်သည်လည်း ယူကရိန်း အရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့် မှားယွင်းပစ်ချခံရသည်ဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျသွားခဲ့ပြီး လိုက်ပါသွားသူ (၂၉၈)ဦး စလုံး အသက်ဆုံးရှုံးခဲ့သည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List