ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများမှ သူများ ဗြိတိန်သို့ ပြောင်းရွှေ့ အခြေချ ခြင်းကို ကန့်သတ် သင့်ကြောင်း ဗြိတိန် ဒုတိယ ဝန်ကြီးချုပ်က တနင်္လာနေ့က ပြောကြား လိုက်ခြင်းဖြင့် ပြောင်းရွှေ့အခြေချမှု နှင့် ဥရောပသမဂ္ဂဆိုင်ရာ မှတ်ကျောက်တင် စကားစစ်ထိုးပွဲ တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဗြိတိန်အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ကိုးလသာ လိုတော့သည့် အချိန်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်ဟု သြဂုတ် ၄ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
လက်ရှိတွင် ဥရောပသမဂ္ဂ နိုင်ငံသစ်များက ၄င်းတို့၏ နိုင်ငံသားများ အခြား ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများတွင် နေထိုင်ခွင့် နှင့် အလုပ်လုပ်ကိုင် ခွင့်များ ရရှိရန် ခုနစ်နှစ် အထိ စောင့်ဆိုင်း ရလေ့ ရှိသည်။
သို့ရာတွင် ဗြိတိန် ညွန့်ပေါင်း အစိုးရ၏ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပြီး လစ်ဘရယ် ဒီမိုကရက် များအား ဦးဆောင်သူ နစ်ကလက်ဂ်က နိုင်ငံများ၏ စီးပွားရေး ကွာဟမှု များကြောင့် စောင့်ဆိုင်း ကာလကို တိုးချဲ့ရန် အဆိုပြု ခဲ့ကြောင်း တနင်္လာ နေ့ထဲတွင် သူပြော ကြားမည့် မိန့်ခွန်း၏ မိတ္ထူတွင် ဖော်ပြ ထားသည်။
ထို့ပြင် စောင့်ဆိုင်း ကာလ ပြည့်သွားသည့်အခါ ရွှေ့ပြောင်း အခြေချလိုသူများ အများအပြား ရောက်ရှိ လာလျင်လည်း ဗြိတိန်ကဲ့သို့သော နိုင်ငံများ အနေဖြင့် ၄င်းတို့ ဝင်ရောက်ခွင့်အား ကန့်သတ် ထိန်းချုပ်ခွင့် ရသင့် ကြောင်းလည်း ဒု-ဝန်ကြီးချုပ်က ပြောကြား လိမ့်မည် ဖြစ်သည်။
“ဒီအရှိတရား တွေနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ လွတ်လပ်စွာ ရွှေ့ပြောင်း နေထိုင်ခွင့်ကို ကျွန်တော်တို့ ပြုပြင် ပြောင်းလဲရေး လုပ်နိုင်ဖို့ ဒါဟာ တစ်ခုတည်းသော အခွင့်အလမ်း ဖြစ်ပါတယ်။ ဒါကို ဥရောပ ပေါင်းစည်းရေး လိုလားသူ တစ်ဦး အနေနဲ့ ကျွန်တော် ပြောတာပါ” ဟု မိန့်ခွန်း မိတ္ထူထဲတွင် ကလက်ဂ် က ဆိုထားသည်။
“ဒါဟာ တံခါးချက် ထိုးလိုက်တာ မဟုတ်ဘဲ ဗြိတိန်ကို လူတွေ ဝင်ရောက် လာတဲ့ နေရာမှာ စေ့စပ် သေချာမှုနဲ့ ရိုးသား ပွင့်လင်းမှု ရှိအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင် ခြင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုထားသည်။
“ဗြိတိန်ဖွား ဟုတ်ဟုတ် မဟုတ်ဟုတ် လူတိုင်းရဲ့ အကျိုးစီးပွား အတွက်ပါ။ ဥရောပသမဂ္ဂကို အဖွဲ့ဝင်သစ် တစ်နိုင်ငံ ရောက်လာတဲ့ အခါ ဒီမှာ နေထိုင်ကြ သူတွေဟာ ရုတ်တရက် အံ့အားသင့် စရာတွေနဲ့ ထိတ်လန့် စရာတွေ ဘာမှ မရှိဘူး ဆိုတာကို စိတ်ချ လက်ချ ခံစား နိုင်ဖို့ပါ” ဟု မိန့်ခွန်း မိတ္ထူထဲတွင် ပါရှိသည်။
Mizzima - News in Burmese
No comments:
Post a Comment