Monday, July 14, 2014

နိုင်ငံတစ်ဝန်း၌ ဖွဲ့စည်းထားသော ကျောင်းသားသမဂ္ဂများ၏ လှုပ်ရှားမှုများ အရှိန်အဟုန်မြင့်လာ၊ ကျောင်းသားအခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ကျောင်းတွင်းအခက်အခဲများကို အဓိကထား ဖြေရှင်းနေရ


မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဖွဲ့စည်းထားသော ကျောင်းသားသမဂ္ဂများ၏ လှုပ်ရှားမှုများ အရှိန်အဟုန်မြင့် လာပြီး ကျောင်းသားအခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ကျောင်းတွင်းအခက်အခဲများကို အဓိကထား ဖြေရှင်းရန် လုပ်ဆောင်နေကြကြောင်း ကျောင်းသားသမဂ္ဂများကို မေးမြန်းမှုများအရ သိရသည်။

ကျောင်းသားသမဂ္ဂများမှာ နိုင်ငံတစ်ဝန်းလုံးရှိ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်းပညာ တက္ကသိုလ် အားလုံးနီးပါးတွင် ဖွဲ့စည်းထားရှိထားသည်ဟု သိရပြီး သမဂ္ဂတစ်ခုချင်းစီတွင် သမဂ္ဂ၀င် ကျောင်းသားဦးရေ ၁၀၀ ခန့်ရှိနေကြောင်း သိရသည်။

၎င်းသမဂ္ဂများ၏ အဓိက လုပ်ဆောင်နေသော လုပ်ငန်းများမှာ ကျောင်းသားထုအခွင့်အရေး ချိုးဖောက်ခံနေ ရမှုများကို ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ခြင်း၊ ကျောင်းတွင်းအခက်အခဲများ (သွားရေးလာရေးနှင့် ပညာ သင်ကြားရေး စသည်တို့) ကို စုပေါင်းဖြေရှင်းမှုများ ပြုလုပ်ခြင်း၊ သမဂ္ဂ၏ မဂ္ဂဇင်းများ ထုတ်ဝေရန် ကြိုးပမ်းနေခြင်း၊ ကျောင်းတွင်းစာပေဟောပြောပွဲများ၊ ကျောင်းသားဟောင်းများ၏ ပညာရပ်ပိုင်းဆိုင်ရာ ဟောပြောပွဲများ ဖြစ်မြောက်ရန် ကူညီခြင်းနှင့် ဇူလိုင် ၇ ရက် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲခံရမှုကဲ့သို့သော ကျောင်းသားနိုင်ငံရေး အထိမ်းအမှတ်နေ့များနှင့် လွတ်လပ်ရေးနေ့ အာဇာနည်တို့ကဲ့ သို့သော အမျိုးသားနိုင်ငံရေး အထိမ်းအမှတ်နေ့များတွင် ကျောင်းတွင်း အထိမ်းအမှတ်ပွဲများ ပြုလုပ်နေပြီး ထပ်မံပြုလုပ်ရန် ကြိုးပမ်းလာကြခြင်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားသမဂ္ဂများကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် ၀န်းကျင်များက ဖွဲ့စည်းမှုများ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ မုံရွာ၊ ပြင်ဦးလွင်၊ ပုသိမ်၊ မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင် စသည့်မြို့နယ်များနှင့် အခြားမြို့နယ်များတွင်လည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီအဖွဲ့အစည်းနှင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတို့မှ အဖွဲ့ဝင်များက ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်ရေးအတွက် လိုက်လံဖွဲ့စည်းနေခြင်းဖြစ်သည်။

“လောလောဆယ်မှာတော့ ကျွန်တော်တို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက “ကျောင်းနံရံ” လို့ခေါ်တဲ့ မဂ္ဂဇင်းတစ်အုပ်ထုတ်ဖို့ လုပ်နေတယ်။ နောက်ပြီး ကျောင်းသား၊ ကျောင်းသူတွေ ဘတ်စ်ကားစီးရတာ ကျပ်တောက်နေတဲ့ အခက်အခဲကိစ္စကို ယာဉ်လိုင်းတာဝန်ရှိသူတွေ၊ ကျွန်တော်တို့တွေနဲ့ ကျောင်းက တာဝန်ရှိသူတွေ ညှိနှိုင်းဖို့ ရှိတယ်။ နောက်ပြီး ဒဂုံတက္ကသိုလ်မှာ အိမ်သာအခက်အခဲ ရှိနေတယ်။ အဲဒီလို ကျောင်းတွင်းအခက်အခဲ၊ ကျောင်းသားအခက်အခဲတွေကအစ နိုင်သလောက် ဖြေရှင်းပါတယ်” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုပိုင်ရဲသူက ပြောကြားသည်။

“ခရိုင်တွေအလိုက် ပြည်နယ်အလိုက် တိုင်းအလိုက်ဆိုရင် သမဂ္ဂဖွဲ့စည်းတဲ့ကျောင်း ၆၀ ကျော်လောက် ရှိပါပြီ။ နောက်ပြီး အ.က.သ လို့ခေါ်တဲ့ အခြေခံပညာ ကျောင်းသားသမဂ္ဂလို ဆယ်တန်းကျောင်းသားတွေ ပါဝင်တဲ့ သမဂ္ဂတွေနဲ့ အဝေးသင်ကျောင်းသားတွေ၊ ဒေးကျောင်းသားတွေ ပါဝင်တဲ့ ကျောင်းအလိုက်မဟုတ် ဘဲ မြို့နယ်အလိုက် သမဂ္ဂတွေကိုလည်း ဖွဲ့ထားပါတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ ကိုမင်းသွေးသစ်က ပြောကြားသည်။

မန္တလေး ရတနာပုံတက္ကသိုလ်တွင်လည်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များသည် ဆိုင်ကယ်ရပ်နား သည့်နေရာ အဆင်မပြေသည့်ကိစ္စ၊ မြစ်ကြီးနားမှ ကျောင်းသားများ ရထားလက်မှတ် ပြုလုပ်ရာတွင် အဆင်မပြေသည့်ကိစ္စ၊ စာပေဟောပြောပွဲများ ကျင်းပခြင်း၊ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း ပိုစတာကန်ပိန်း Campaign ပြုလုပ်ရန် စီစဉ်နေခြင်းများ ပြုလုပ်နေကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုဥာဏ်ထိန်လင်းက ပြောကြားသည်။

ထိုနည်းတူစွာ ရန်ကုန်မြို့ရှိ ရေကြောင်းပညာတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်များတွင်လည်း ဘာသာရပ်အထောက်အကူပြု ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ သွေးလှူအသင်းများကို ယင်းတက္ကသိုလ် များမှ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၏ ဆောင်ရွက်မှုများဖြင့် ပြုလုပ်နေကြောင်း သိရသည်။

ယင်းအပြင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များသည် အမျိုးသားပညာရေး ဥပဒမူကြမ်းကို ကန့်ကွက်ဆန့် ကျင်ခြင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော ကျောင်းသားများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ပါက ကျောင်းမှ ထုတ်ပယ်ခံရမည်ဆိုသော စည်းကမ်းတို့ကဲ့သို့သော ကျောင်းသားအခွင့် အရေး ချိုးဖောက်ခံရခြင်းများကိုလည်း ကန့်ကွက်နေကြကြောင်း ၎င်းတို့ထံမှ သိရသည်။

“အဲဒီကိစ္စကို လုံးဝကန့်ကွက်ပါတယ်။ ကျောင်းသားဆိုတာ အနာဂတ် ရှိပါတယ်။ သူ့အနာဂတ်မှာ စီးပွားရေးသမားဖြစ်ချင်စိတ် ရှိရင်ရှိမယ်။ နိုင်ငံရေးသမားဖြစ်ချင်စိတ် ရှိရင်ရှိမယ်။ ကျောင်းသားတွေ ဘာမှမလုပ်ဘဲနေအောင် နိုင်ငံရေး ကစားတယ်လို့ပဲ ထင်ပါတယ်။ ကျောင်းသားတွေ ဘာမှမလုပ်ဘဲနေရင် နိုင်ငံမှာ ခေါင်းဆောင်ကောင်းတွေလည်း ပေါ်လာနိုင်မှာ မဟုတ်ပါဘူး” ဟု နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မငြိမ်းချမ်းမေက ပြောကြားသည်။

“ကျောင်းသားနိုင်ငံရေး မလုပ်ရဘူးဆိုတာ အဓိပ္ပာယ်ကိုမရှိဘူးဗျ။ ပြီးတော့ အမျိုးသားပညာရေး ဥပဒေ မူကြမ်းကလည်း ဗဟိုချုပ်ကိုင်မှု များနေတယ်။ ပညာရေးလွတ်လပ်ခွင့်တွေ သိပ်မတွေ့ရဘူး။ သမဂ္ဂဖွဲ့စည်းခွင့်တွေ ပေးမထားဘူး။ တမင် အဲဒီလိုလုပ်ထားတယ်လို့ မြင်တယ်” ဟု မန္တလေးနည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုဥာဏ်လင်းထွန်းက ပြောကြားသည်။

ဇူလိုင် ၇ ရက်ကလည်း ရန်ကုန်၊ မုံရွာ၊ ပြင်ဦးလွင်မြို့များတွင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များသည် ရန်ကုန် တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲခံရခြင်း၊ ၅၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများကို တက္ကသိုလ်တွင် ပြုလုပ်ခဲ့ကြသေးသည်။

ယင်းကဲ့သို့ တက္ကသိုလ်တွင် အခမ်းအနား ပြုလုပ်မှုကြောင့် ဇူလိုင် ၉ ရက်ညတွင် ကျောင်းတာဝန်ရှိသူများက သမဂ္ဂအလံအား ဖြုတ်ချခြင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပိုစတာကို ဖြုတ်ချခြင်းများကို ဒဂုံတက္ကသိုလ် တွင် ပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်မှုကြောင့် ကျောင်းသားများကလည်း ကျောင်းတာဝန်ရှိသူများကို တုံ့ပြန်ဆန္ဒပြခဲ့ကြသည်။

“ကျောင်းသားသမဂ္ဂတွေဆိုတာ နိုင်ငံတိုင်းမှာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးတွေမှာ အရေးပါတဲ့ အဖွဲ့အစည်းပါ။ ကျွန်တော်တို့ နိုင်ငံလိုမျိုး သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး သမဂ္ဂတွေကနေ နိုင်ငံ့ခေါင်းဆောင်တွေ ပေါ်ထွက်တယ်ဆိုတဲ့ ထူးခြားမှုရှိတဲ့ နိုင်ငံမျိုးမှာဆိုရင်တော့ ပိုအဓိပ္ပာယ် ရှိပါတယ်။ ကျောင်းသားသမဂ္ဂတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးတွေအတွက် မရှိမဖြစ် လိုပါတယ်။ နောက်ပြီး ကျောင်းသားသမဂ္ဂတွေကို ဖိနှိပ်ရင်လည်း ဒါဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ပါတယ်။ ခေတ်နောက်ပြန်ဆွဲချင်တဲ့ အာဏာရှင်လုပ်ရပ်တွေလို့ မြင်ပါတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဗဟိုလုပ်ငန်းကော်မတီမှ ကိုကျော်ကိုကိုက ပြောကြားသည်။

၎င်းကပင် ဆက်လက်ပြီး “ဖိနှိပ်ခံရမှုတွေ မဖြစ်အောင်နဲ့ ဖြစ်လာရင်လည်း ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကျောင်းသားသမဂ္ဂတွေ ကျောချင်းကပ်ထားဖို့ လိုပါတယ်။ နောက်ပြီး အခုခေတ် အခြေအနေမှာ အထူးသဖြင့် မြို့ပြတွေမှာ လူငယ်တွေအတွက် စိတ်ဝင်စားစရာ အရမ်းများပါတယ်။ နိုင်ငံရေး၊ သမဂ္ဂတို့ ဆိုတာတွေထက် ဖျော်ဖြေရေး၊ ဖက်ရှင် စတာတွေက ကျောင်းသားလူငယ် အများစုရဲ့ စိတ်ကို လွှမ်းမိုးနေ ပါတယ်။ ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ရော အကျိုးမရှိတာတွေထက်စာရင် အကျိုးရှိတာတွေ လုပ်စေနိုင်ဖို့ လှုံ့ဆော်စည်းရုံးမှုတွေ လုပ်နေပါတယ်။ နှစ်ပေါင်းများစွာ စနစ်ဆိုးအောက်မှာ နေခဲ့ရ တာဆိုတော့ ကြောက်စိတ်တွေ မရှိအောင်၊ ဒီဘက်ပိုင်းတွေ စိတ်ဝင်စားလာအောင်ကတော့ အချိန်တော့ စောင့်ရဦးမှာပေါ့ဗျာ” ဟု သုံးသပ်သည်။

Eleven Media Group 

No comments:

Post a Comment

My Blog List