Monday, July 14, 2014

အစိုးရသစ်လက်ထက်တွင် သတင်းထောက်များအား ဖမ်းဆီးထောင်ချမှု များလာ


မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသစ် လက်ထက်တွင် သတင်းထောက်များအား ဖမ်းဆီးထောင်ချခဲ့သည့် ဖြစ်စဉ်များ များပြားလာပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အထိ အမိန့်ချမှတ်မှုပင် ရှိလာသည်ကို လေ့လာတွေ့ရှိရသည်။

ယင်းကဲ့သို့ အစိုးရက သတင်းထောက်များအား ဖမ်းဆီးထောင်ချ အရေးယူနေမှုကို ပြည်သူများနှင့် နယ်ပယ် အသီးသီးမှ ထင်ရှားသူများက ပြစ်ဒဏ်စီရင်မှုနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးထောင်ချခံရသော သတင်းထောက်များအား အမြန်ဆုံးပြန်လွတ်ရန် ဆုတောင်းမှုများ၊ ကုသိုလ်ပြုလုပ်ခြင်းနှင့် လှုပ်ရှားမှုအချို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group ၏ ကယားပြည်နယ်သတင်းထောက် မခိုင်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တရားမ၀င်ဗီဒီယိုခွေ ငှားရမ်းသည့်ကိစ္စနှင့် ပတ်သက်၍ သတင်းရယူရန် ရှေ့နေဒေါ်အေးအေးဖြိုး အိမ်သို့ သွားရောက်ပြီး သတင်းမေးမြန်းခဲ့ရာ ထိုသို့မေးမြန်းသည်ကို မကျေနပ်၍ ဒေါ်အေးအေးဖြိုးက အိမ်ကျော်နင်းမှု၊အသရေဖျက်မှု၊ညစ်ညမ်းစွာပြောဆိုမှုတို့ဖြင့် လွိုင်ကော်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် ထား တရားစွဲဆိုခဲ့ရာ ဒုတိယမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က သတင်းထောက်မခိုင်အား ထောင်ဒဏ် သုံးလ ချမှတ်ခဲ့ကြောင်း သိရသည်။

နယ်သတင်းထောက် မခိုင်အပေါ် လွိုင်ကော်မြို့နယ် တရားရုံးက ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းသည် သတင်းရယူခွင့်ကို ခြိမ်းခြောက်ခြင်းတစ်ရပ် ဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦးအပေါ် မျှတမှုမရှိသည့် တရားစီရင်မှုတစ်ရပ်လည်း ဖြစ်သောကြောင့် ယင်းပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက်က ပေးစာတစ်စောင်ကို သက်ဆိုင်ရာ တရားစီရင်ရေး အဖွဲ့အစည်းများထံသို့ ပြစ်ဒဏ်ချမှတ်ပြီး ရက်အနည်းငယ်အကြာတွင် ပေးပို့ခဲ့သော်လည်း ၁၀ ရက်ကျော် ကြာသည်အထိ သက်ဆိုင်ရာ အဖွဲ့အစည်းများက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသောကြောင့် သတင်းထောက်များ စုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အတူ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့မှာ ၂၀၁၂ ခုနှစ် သြဂုတ် ၂၄ ရက် မကွေးတိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူများထံ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်မည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည်အချင်း သတ်မှတ်မှုအား သွားရောက်မေးမြန်းခဲ့ကြောင်း၊ ထိုသို့မေးမြန်းမှုနှင့် ပတ်သက်၍ ၎င်းတို့အား မကွေးတိုင်း လက်ထောက်ပညာရေးမှူး ဦးမောင်ဆွေက ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုများဖြင့် အမှုဖွင့် တရားစွဲခဲ့ကြောင်း၊ ထိုသို့ တရားစွဲဆိုမှုကို မကွေးမြို့နယ် တရားသူကြီး ဒေါ်မန်ဟောက်နန်က ဧပြီ ၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်စီ ကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းထောက်အား တရားစွဲဆိုပြီး အမိန့်ချခဲ့သည့်ဖြစ်စဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် သတင်းထောက်တစ်ဦးအား တရားစွဲဆိုခဲ့သော ပထမဦးဆုံးအမှု ဖြစ်ခဲ့ပြီး ယင်းကဲ့သို့ ပိုင်နက်ကျူးလွန်မှုအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်မှာ ပြစ်ဒဏ်များလွန်းသည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။

အဆိုပါအမှုအတွက် အယူခံတင်ခဲ့ရာ မကွေးခရိုင်တရားရုံးက ဧပြီ ၉ ရက်တွင် ပယ်ချခဲ့သောကြောင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ဧပြီ ၁၁ ရက်က အမှုပြင်ဆင်မှု တင်ခဲ့ကြောင်း၊ ယင်းအတွက် အပြီးသတ် လျှောက်လဲချက်ကို ဇွန် ၂၄ ရက်က တင်ခဲ့ကြောင်း၊ ထိုလျှောက်လဲချက်အပေါ် မူလပြစ်ဒဏ် တစ်နှစ်စီအစား ထောင်ဒဏ်သုံးလသာ ကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး ပေါက်မြို့အနီးရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသား ရာမှ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး၏ ဇူလိုင် ၁၀ ရက် ၁၇ ကြိမ်မြောက် ရုံးချိန်းတွင် ပခုက္ကူ ခရိုင် တရားသူကြီးက ကပစ(၂၄)စက်ရုံနှင့်ပတ်သက်၍ သတင်းရေးသားဖော်ပြခြင်း နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေသည်ဟုဆိုကာ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ ယင်းကဲ့သို့ စီရင်ချက်ချမှတ်မှုနှင့် ပတ်သက်၍ ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ပြစ်မှုနှင့် ပြစ်ဒဏ်မျှတခြင်း မရှိကြောင်း အစိုးရအား ဝေဖန်ပြစ်တင်ခဲ့ကြသည်။

“လွတ်လပ်စွာ ပြောဆိုနိုင်တယ်။ ရေးသားနိုင်တယ်။ ဒီပုံစံမျိုးမှာ ဒီလိုမျိုး ဖမ်းဆီးထောင်ချတာတွေ လုပ်တဲ့ အခါကျတော့ မီဒီယာဟာ စတုတ္ထမဏ္ဍိုင်ဆိုပြီး အစိုးရက ပြောနေတဲ့အပေါ်မှာ ယုံကြည်မှု အင်မတန် နည်းလာတယ်။ နိုင်ငံတော် အကြီးအကဲတွေပြောတဲ့ တကယ့်အရေးကြီးတဲ့ မဏ္ဍိုင်ဖြစ်တယ်ဆိုတဲ့ စကား ဟာ ယုံကြည်စရာမကောင်းဘူး ဖြစ်နေတယ်။ မီဒီယာအားလုံးက ကိုယ်ရေးချင်တာ၊ ကိုယ်ထုတ်ဖော်ချင်တာ လုပ်လို့မရတဲ့သဘော ဖြစ်သွားတယ်။ မီဒီယာရဲ့ အခန်းကဏ္ဍက လွတ်လွတ်လပ်လပ် ဖြစ်ရာကနေ အခုတော့ မေးမှိန်သွားအောင် လုပ်နေသလားလို့တောင် သံသယ၀င်မိတယ်။ ဒီကိစ္စမျိုးက ၂၀၁၅ နီးလေ ပိုပြီးတော့ တိုးတက်မယ့် မီဒီယာကဏ္ဍကနေ ဆုတ်ယုတ်လာမလားလို့တောင် စိတ်ပူမိတယ်” ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်မှုအပေါ် သတင်းထောက်များစုပေါင်း၍ ၀ါဆိုလပြည့်နေ့တွင် ကြေးသွန်းဘုရားကြီး၌ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အနုပညာရှင်များ ဇူလိုင် ၁၂ ရက်က မြန်မာငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံပွဲသို့ လာရောက်သတင်းရယူ သူများက မီဒီယာဖိနှိပ်မှုရပ် စာတန်းပါ အင်္ကျီများ ၀တ်ဆင်လာမှုကြောင့် မြန်မာငြိမ်းချမ်းရေးစင်တာ ၀င်လမ်းဖြစ်သည့် ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်တွင် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးထားသဖြင့် သတင်းမီဒီယာသမားများက အသံတိတ် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။ ထိုသို့ အသံတိတ် ဆန္ဒဖော်ထုတ် ခဲ့သော သတင်းထောက် ၅၀ ကျော်အား ကမာရွတ်ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။

အလားတူ ဇူလိုင် ၇ ရက်က ဖြန့်ချိခဲ့သော Bi မွန်းတည့်နေဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF က ထုတ်ပြန်” သတင်းတွင် ပါဝင်သော အကြောင်းအရာများနှင့် ပတ်သက်၍ Bi မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာနှင့် အယ်ဒီတာအဖွဲ့ဝင် နှစ်ဦးအပြင် သတင်းရေးသားသူအား သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ Bi မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာ အပါအ၀င် အယ်ဒီတာသုံးဦးအား ဇူလိုင် ၈ ရက် နံနက်အစောပိုင်းက ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ပြီး ပန်းဘဲတန်း ရဲစခန်းတွင် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဃ)/(ည) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“အရပ်သားအစိုးရလက်ထက်မှာ စတုတ္ထမဏ္ဍိုင်က အရေးကြီးတယ်လို့ ပြောကြားခဲ့တယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်လည်း အထိုက်အလျောက် ရပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချ တာတွေကတော့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ဒီလိုလုပ်တာဟာ သတင်းအမှောင်ချချင်လို့ပဲလို့ ထင်တယ်။ အခုဆို ဒီလိုလုပ်ရပ်တွေက စိပ်လာတယ်။ ဒါဟာ အငြိုးအတေးတစ်ခုနဲ့ လုပ်နေတယ်လို့ မြင်တယ်။ နောင်မျိုးဆက်သစ်တွေကို သတင်းထောက်လုပ်ရင် ဒီလိုဖြစ်မယ်လို့ သတိပေးနေသလိုပါ။ သတင်းအမှောင်ချခြင်းဟာ သမ္မတပြောနေတဲ့ ဒီမိုကရေစီ မရနိုင်ဘူးလို့ ထင်တယ်။ ဘယ်လို ရှေ့ဆက် သွားမှာလဲ။ ဖမ်းဆီးထောင်ချခံနေတဲ့ သတင်းထောက်တွေကိုလည်း ပြန်လွှတ်ပေးပါလို့ ပြောချင်ပါတယ်” ဟု MJI မှ မရွှေမှုန်က ဇူလိုင် ၁၂ ရက် ညနေပိုင်းက ပြောကြားသည်။

“နိုင်ငံတော်လျှို့ဝှက်ချက် ဆိုတာကလည်း ကျွန်တော်တို့ သိသလောက်ကတော့ တကယ်ထင်ထင်ရှားရှား သိထားတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီမိုကရေစီ လျှောက်လှမ်းနေတဲ့ ကာလမှာ မီဒီယာသမားတွေကို ဒီလောက်ပြင်းပြင်းထန်ထန် ချမှတ်လိုက်တဲ့ ကိစ္စကတော့ သိပ်ပြင်းထန်လွန်းတယ်။ ဒါကိုတော့ ကျွန်တော်တို့ သိပ်သဘောမကျဘူး။ မီဒီယာသမားတွေ ဖိနှိပ်မှုနဲ့ ပတ်သက်လာရင် ကျွန်တော်တို့က ပူးပေါင်းဆောင် ရွက်ခဲ့ကြတာပဲ။ အဲဒီအတွက် မီဒီယာသမားတွေရဲ့ သဘောဆန္ဒနဲ့အညီ မီဒီယာသမားတွေ ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေတယ်။ ကျွန်တော်တို့အနေနဲ့ မီဒီယာသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။

ထို့ပြင် ၂၀၁၂ ခုနှစ် ဇွန် ၈ ရက်က ဖြန့်ချိခဲ့သော လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃)၊ အမှတ် (၉၁)၊ စာမျက်နှာ ၈ တွင် မသီတာထွေး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရသည့်ဓာတ်ပုံကို ဖော်ပြခဲ့သည့်အတွက် လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့ရာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ပြီး ယင်းလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အဆိုပါအမှုမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List