Sunday, July 13, 2014

ဖမ်းဆီးထောင်ချ ခံရသော သတင်းသမားများအတွက် သမ္မတကို ဆန္ဒဖော်ထုတ်


နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချခံရသည့် ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်၊ သတင်းထောက်လေးဦးနှင့် သတင်းတပ်ဖွဲ့က စစ်ဆေးခံနေရသော သတင်းသမား လေးဦး အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို သတင်းမီဒီယာ သမားများ ဝိုင်းဝန်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဇူလိုင် ၁၂ ရက်နေ့က ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် အနုပညာရှင်များ တွေ့ဆုံပွဲကို သတင်းသမားများက သတင်းမယူဘဲ တူညီဝတ်စုံများဖြင့် ငြိမ်းချမ်းရေးစင်တာ ပြင်ပ၌ မတ်တတ်ရပ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးကို ပခုက္ကူခရိုင် တရားရုံးက ဇူလိုင်လ ၁၀ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းနှင့် Bi မွန်းတည့်နေ ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ဦးနိုင်စိုင်းအောင်၊ အယ်ဒီတာ အဖွဲ့ဝင်များ ဖြစ်သည့် ဦးရဲမင်းအောင်၊ ဦးဝင်းတင်နှင့် သတင်းထောက် မင်းဝသာန်တို့ကို ၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေဖြင့် ဖမ်းဆီး အမှုဖွင့်ထားခြင်းတို့ကြောင့် သမ္မတကို ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြ သတင်းသမားများက ပြောဆိုသည်။ 

“ကျွန်တော်တို့ ဒီနေ့ မီဒီယာလိုင်ဘရီမှာ အစည်းအဝေး လုပ်တယ်။ အားလုံး တူညီတာက မီဒီယာဖိနှိပ်မှု ရပ်ဖို့။ အရင်က မီဒီယာဖိနှိပ်မှုရပ်ဆိုပြီး လိုဂိုတစ်ခုလုပ်မယ်။ အဲ့ဒါကို တနင်္လာနေ့ကျရင် အစည်းအဝေး လုပ်ပြီး လိုဂိုပုံစံကို ဆုံးဖြတ်မယ်။ လိုဂိုကမ်းပိန်းကို သတင်းစာတွေကိုလည်း ချဉ်းကပ်ပြီး ထည့်ဖို့လုပ်မယ်။ အင်္ကျီတွေမှာလည်း ရိုက်မယ်။ ယူနတီက မိသားစုတွေအတွက် ရန်ပုံငွေတစ်ရပ် နောက်ပိုင်းကျရင် လုပ်ဖို့ ရှိတယ်။ မနေ့က Eleven က ငွေဆယ်သိန်း လှူတာ ရှိတယ်။ တနင်္လာနေ့ကျရင် မိသားစု တစ်ယောက် နှစ်သိန်းဆီ လာထုတ်လို့ ရပြီ” ဟု မြန်မာဂျာနယ်လစ်ကွန်ယက် တွဲဖက်အတွင်းရေးမှူး (၂) ဦးသန်းဌေးက ပြောကြားသည်။

ဆန္ဒပြပွဲအပြီး Facebook စာမျက်နှာတွင် ဆန္ဒပြ သတင်းသမားများကို ပုဒ်မ ၁၈ ဖြင့် ကမာရွတ်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းသို့ အမှုဖွင့်ထားခြင်း မရှိကြောင်း ကမာရွတ်ရဲစခန်းက ပြန်လည်ဖြေကြားသည်။

“အမှုဖွင့်ဖို့ တိုင်ပင်နေတုန်းပဲ” ဟု အဆိုပါ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုသည်။

သတင်းစာဆရာများ ဖမ်းဆီးထောင်ချခံရမှုနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း ဇူလိုင် ၁၂ ရက် နေ့စွဲဖြင့် ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ယူနတီအမှုအတွက် တရားရေးမဏ္ဍိုင်က စီရင်ချမှတ်လိုက်သော ကြီးလေးသည့် ပြစ်ဒဏ်ကို သမ္မတ၏ ခွင့်လွှတ်မှု၊ သဘောထားကြီးမြင့်မှုကို ပြသသည့် အနေဖြင့် ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုရန် မေတ္တာရပ်ခံထားသည်။ 

သတင်းမီဒီယာတစ်ခုခု ကျင့်ဝတ်ချိုးဖောက်ပါက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ ဦးစွာ အသိပေးရန် လိုပြီး ယခုရဲတပ်ဖွဲ့၏ လုပ်ရပ်မှာ ကောင်စီနှင့် သတင်းမီဒီယာ ဥပဒေကို အသိအမှတ် မပြုသည့်သဘော သက်ရောက်ကြောင်းနှင့် ရှောင်တခင် ဝင်ရောက်ဖမ်းဆီး အရေးယူခြင်းနှင့် ထောင်ဒဏ် အပြစ်ပေးခြင်းတို့မှာ သတင်းမီဒီယာ၏ လွတ်လပ်စွာ ရေးသားခွင့်ကို ခြိမ်းခြောက်ရာ ရောက်သဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း စာနယ်ဇင်းကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သတင်းထောက်များကို ထောင် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းသည် များလွန်းပြီး ပြန်လည် စိစစ်သင့်ဟု တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်က ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List