Wednesday, June 04, 2014

PR စနစ် ကျင့်သုံးရေးအဆို ဆွေးနွေးရန် အငြင်းအခုံများအကြား အမျိုးသားလွှတ်တော် စတင်လက်ခံ


လာမည့်ပါတီစုံ ရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြု (PR) စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်းရာ ကန့်ကွက် ထောက်ခံအုပ်စု များ အပြင်းအထန် ဆွေးနွေးအငြင်းပွားပြီးနောက် အမျိုးသားလွှတ်တော်က ဆွေးနွေးရန် သဘောတူ လိုက်သည်။

လာမည့်ပါတီစုံ မည်သည့် ရွေးကောက်ပွဲ များတွင်မဆို အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လ ၃ ရက် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူရာ၌ တပ်မတော်သားများ အပါအဝင် ကိုယ်စားလှယ် အများစုက ထောက်ခံလိုက်ခြင်း ဖြစ်သည်။

ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ပါတီဝင် ကိုယ်စားလှယ်အချို့ ကန့်ကွက်ခဲ့သော်လည်း ကိုယ်စားလှယ်အများစုက ထောက်ခံသည့်အတွက် လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာသည်။

PR စနစ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် အခြားပါတီငယ် အချို့က ထောက်ခံထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားပါတီ အများစုက ကန့်ကွက်လျက် ရှိသည်။ 

ယင်းကြောင့် အမျိုးသားလွှတ်တော်အတွင်း ငြင်းခုန်ဖွယ်ရာ အကောင်းဆုံးကိစ္စရပ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။ 

ရွေးကောက်ပွဲများ ဆယ်စုနှစ် ငါးခုကျော် အဆက်ပြတ်ခဲ့သော နိုင်ငံတွင် ရွေးကောက်ပွဲစနစ်များ ရောထွေး မှုကြောင့် စစ်မှန်သော ကိုယ်စားပြုစနစ် မရရှိခဲ့ပါက ခိုင်မာတောင့်တင်း အားကောင်းသော အစိုးရတစ်ရပ် ပေါ်ပေါက်ရန် ခက်ခဲသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်စိုး၍ မရင့်ကျက်သေးသော လူ့အဖွဲ့ အစည်းအတွင်း ရှုပ်ထွေးသော စနစ်တစ်ခုကို အသုံးပြုကာ အနိုင်ရရေး ကြိုးပမ်းပါက လူထုက နိုင်ငံရေးကို ကြောက်ရွံ့သွားနိုင်ကြောင်း PR စနစ် လက်ခံဆွေးနွေးရေး အဆိုကို ကန့်ကွက်ဆန္ဒမဲ ပေးခဲ့သူ တစ်ဦးဖြစ် သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ရှင်းပြသည်။

“ဒီဆွေးနွေးပွဲက အင်မတန် ပွဲကြီး ပွဲကောင်း ဖြစ်လာလိမ့်မယ်” ဟု လက်ရှိစနစ်အရပင် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း သုံးသပ်သည့် ၎င်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ သမိုင်းတွင် ကျင့်သုံးခဲ့သော ရွေးကောက်ပွဲ စနစ်များမှာ နိုင်သူအကုန်ယူ စနစ်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ရလဒ်များမှာ ကျေနပ်ဖွယ်ရာမရှိဘဲ ရရှိသည့်ဆန္ဒမဲနှင့် အချိုးမညီသော အမတ်ဦးရေ အများ အပြား လွှတ်တော်တွင်း ရောက်ရှိသွားပြီး ပါတီတစ်ခုတည်းကသာ ကြီးစိုးလေ့ ရှိကြောင်း ဒေါ်ခင်ဝိုင်းကြည် က ပြောကြားသည်။

၁၉၅၆ ခုနှစ်ရွေးကောက်ပွဲ၌ ဖဆပလ အဖွဲ့ချုပ်က ရမဲ ၁၈ သိန်းကျော်နှင့် ပမညတက ရမဲ ၁၁ သိန်းကျော် အသီးသီး ရှိသော်လည်း ကိုယ်စားလှယ် အရေအတွက်၌ ဖဆပလ က ၁၄၈ နေရာ ရရှိပြီး ပမညတ က ၄၈ နေရာသာ ရရှိကြောင်း၊ ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲ၌ NLD ပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) တို့ ယှဉ်ပြိုင်ရာတွင် NLD က မဲအရေအတွက် ၇၉ သိန်းကျော်ရရှိပြီး အမတ်နေ ရာ ၃၉၂ ဦး ရရှိကြောင်း၊ တစညပါတီက မဲအရေအတွက် ၃၃ သိန်းကျော်ရရှိပြီး အမတ် နေရာ ၁၀ ဦးသာ ရရှိကြောင်း၊ အဆိုပါ တစ်ဖက်သတ် ရလဒ်များသည် ပါတီစုံ ဒီမိုကရေစီကို ပံ့ပိုးပေးနိုင်မှု မရှိကြောင်း ၎င်းက ဥပမာပေး ရှင်းလင်းပြောကြားသည်။

“ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံပေါင်း ၁၆၇ နိုင်ငံမှာ PR စနစ်ကျင့်သုံးနေတဲ့ နိုင်ငံ ၉၀ နီးပါးရှိတယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ဒီမိုကရေစီစံ မြင့်မားသည့် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့တွင် PR စနစ်မကျင့်သုံးဘဲ လွှတ်တော်သက်တမ်းမှာ ငါးနှစ်သာ ဖြစ်သည့်အတွက် ပါတီကြီးတစ်ခုက အမြဲတမ်း ကြီးစိုးနေမည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း PR စနစ်ကို ကန့်ကွက်ခဲ့သော NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြား သည်။

ပြည်သူ၏ ရွေးချယ်မှုအပေါ်၌သာမူတည်ပြီး ပါတီတိုင်း နေရာရရန်ဆိုသည်မှာ ဖြတ်သန်းမှု သမိုင်းကြောင်း ကို ကြည့်ရန်လိုအပ်ပြီး ယနေ့ပါတီထောင်၍ နောက်နေ့ လွှတ်တော်တွင်း ဝင်လာမည့် ကိစ္စမှာ ဖြစ်သင့် မဖြစ်သင့် ပြည်သူများ စဉ်းစားရန်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယနေ့အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ် အများစုက ထောက်ခံလိုက်သည်။

ယနေ့အဆိုကို တပ်မတော်သား ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခြင်းမှာ PR စနစ်ကို ကောင်းစွာ လေ့လာထားပြီး ကျင့်သုံးသင့်သည်ဟု လက်ခံယူဆ၍ ထောက်ခံခြင်း ဖြစ်ပြီး တပ်မတော်က အမြဲတစေ သုတေသန ပြုလုပ်၍ ရလဒ်များကို လေ့လာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက မှတ်ချက်ပြုသည်။
“တပ်မတော်ကို လျှော့မတွက်နဲ့” ဟု ၎င်းကဆိုသည်။ 

ရွေးကောက်ပွဲများ၌ PR စနစ်ကျင့် သုံးရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်က အဆုံး အဖြတ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ကျင်းပသော သတ္တမအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမနေ့ အစည်းအဝေး၌ အဆိုတင်ခဲ့သော်လည်း လွှတ်တော်က အဆုံးအဖြတ် မပေးခဲ့ပေ။

၂၀၁၃ ခုနှစ်အတွင်း အဆုံးအဖြတ် မပြုပါက ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ ကျင့်သုံးနေသော နိုင်သူ အကုန်ယူ (FPTP) စနစ်ကိုသာ ကျင့်သုံးရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆို ထားသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က PR စနစ်အတွက် ပြင်ဆင်ရန် အချိန်မလုံလောက် သဖြင့် ၂၀၁၅ ရွေးကောက်ပွဲများ၌ ကျင့်သုံးရန် မဖြစ်နိုင်ဟု ပြောဆိုချက်မှာ လုံးဝအာမခံ ထားသည်ဟု မဆိုနိုင်ဘဲ ပြောင်းလဲနေသော နိုင်ငံရေး ရေချိန်များအလိုက် PR စနစ်ကို အချိန်နီးကပ်မှ တင်သွင်း အတည်ပြုလာနိုင်ခြေ ရှိသေးကြောင်း အမျိုးသားလွှတ်တော် ကော်မတီဝင် တစ်ဦးလည်း ဖြစ်သူ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက မှတ်ချက်ပြုသည်။

တပ်မတော်သားများ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် အများစုက ဆွေးနွေးရန် ထောက်ခံခဲ့သော PR စနစ် ကျင့်သုံးရေးအဆိုကို အမျိုးသာလွှတ်တော်၌ ဆွေးနွေးရာတွင် အနိုင်ရချေ အလားအလာ များပြားနေပြီး အကယ်၍ အနိုင်ရခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ရာ၌ PR စနစ်ကို ကျိန်းသေ အသုံးပြုလိမ့်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ စုံစမ်း
သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List