Tuesday, June 03, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံသည့် လက်မှတ်များ ရခိုင်ပြည်နယ်တွင် အရှိန်မြှင့် ကောက်ခံမည်


ရခိုင်ပြည်နယ်အတွင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်များ ကောက်ခံရာတွင် လူအင်အား အများဆုံးရရှိစေရန်အတွက် နည်းလမ်းမျိုးစုံသုံးသွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ် NLD ပါတီထံမှ သိရှိ ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့၏ ဦးဆောင်မှုဖြင့် မေလ ၂၇ ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုသဘောထား လက်မှတ်ရေးထိုးမှုတွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးမရွေး၊ ဘာသာမရွေး လက်ခံ သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် NLD ပါတီ၏ ဥက္ကဌ ဦးညီပုက ပြောသည်။

“လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်လက်မှတ်ထိုးနိုင်ပါတယ်။ ဘယ်သူ့ကိုမှ အဆင့်အတန်းခွဲခြားထားတာ မရှိပါဘူး။ ဒါဟာ အခြေခံလူ့အခွင့်အရေး ဖြစ်တယ်။ သူတို့အားလုံးရဲ့ အခွင့်အရေးကို လေးစားရမယ် လို့လည်း ပါတီဥက္ကဌနဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားပါတယ်” ဟု ယင်းက ပြောသည်။

အဆိုပါလက်မှတ်ရေးထိုးအင်အားစုဆောင်းမှုတွင် တရားမ၀င် ဘင်္ဂလီများ ပါဝင်နေသဖြင့် မည်မျှပါဝင်နေ သည်ကို သိရှိနိုင်ရန် NLD ပါတီသို့ မေးမြန်းခဲ့ရာ မည်မျှပါဝင်သည်ကို မသိရှိရသေး ဟု ဦးညီပုက ပြန်လည်ဖြေကြားခဲ့ကြောင်း ရခိုင် ပြည်နယ် အမျိုးသားရေးကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောသည်။ 

ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီတစ်ဦးက “ဒီကိစ္စက တစ်နိုင်ငံလုံးနဲ့ ဆိုင်နေတော့ NLD ပါတီနဲ့ အပြည့်အ၀ ပူးပေါင်းပါဝင်ဆောင်ရွက်နေပါတယ်။ လိုအပ်တာတွေ အားလုံး ကျွန်တော်တို့မြို့နယ်တွေမှာ အခက်အခဲမရှိအောင် ကူညီဆောင်ရွက်ပေး နေပါတယ်။ အခုဆိုရင် အတော်များများ လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါတယ်။ သိန်းနဲ့ချီတဲ့ လက်မှတ်တွေ ရမယ် ဆိုတာကိုလည်း ယုံကြည်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ် တစ်မြို့နယ်လျှင် ဘင်္ဂလီများအပါအ၀င် လက်မှတ်ပေါင်း တစ်သောင်း ကောက် ခံရန် ပါတီဌာနချုပ်က ညွှန်ကြားထားကြောင်း စစ်တွေရှိ NLD ပါတီရုံးမှ တာဝန်ရှိသူတစ်ဦးက မေလ ၃၀ ရက်နေ့တွင် ပြောကြားသည်။

“ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းပြီး လိုက်ကောက်နေပါတယ်။ ဘူးသီးတောင် မောင်တော၊ အလယ် သံကျော်ဘက်မှာတော့ ပြည်သူလူထု အာားလုံးနီးပါး လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်” ဟု သံတွဲခရိုင် NLD ပါတီ ဒုတိယဥက္ကဌ ဦးစိုးချစ်မောင်က ပြောသည်။ 

NLD ပါတီ၏ ရခိုင်ပြည်နယ်အတွင်း ထောက်ခံလက်မှတ် ကောက်ခံရေး အစီအစဉ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးရာရောက်နေသဖြင့် အချိန်မီ ပြင်ဆင်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော်တစ်ပါးက မိန့်သည်။

“NLD ပါတီက သူ့ဘာသာ နိုင်ငံသားစစ်စစ်တွေဆီက လက်မှတ်ကောက်တာကို ဘုန်းကြီးတို့ ဘာမှ ပြောစရာအကြောင်း မရှိဘူး။ ဒါပေမယ့် တရားမ၀င် ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေဆီကပါ လက်မှတ်တွေ ကောက်ခံနေတာကိုတော့ ကန့်ကွက်တယ်။ ဒါဟာ NLD ပါတီ ကို သတိပေးတာပဲ။ တရားမ၀င် ခိုးဝင်လာတဲ့သူတွေရဲ့ လက်မှတ်ကို စုဆောင်းတာဟာ လ၀က ဥပဒေကို ချိုးဖောက်တာပဲ။ နောက်ပြီးတော့ ဒီနို်င်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားတာပဲ။ ၄၃၆ ပြင်ပြီးရင် ပုဒ်မ ၅၉(စ)ကို ပြင်ဖို့ လွယ်သွားပြီ။ တိုင်းတစ်ပါးသားတွေ နိုင်ငံတော်သမ္မတ ဖြစ်လာစေမယ့် ပုဒ်မ ၅၉(စ) မပြင်နိုင်ဖို့ ပထမဦးဆုံး ပုဒ်မ (၄၃၆)ကို ကာကွယ်ရမယ်” ဟု ယင်းဆရာတော်က မိန့်ကြားသည်။ 

မည်သည့်နေရာက ရရှိလာမှန်းမသိသော ငွေကြေးများ အလုံးအရင်း သုံး၍ ဘင်္ဂလီများထံမှ ထောက်ခံ လက်မှတ်များ ကောက်ခံနေခြင်းသည် ပြည်နယ်ကို မထီမဲ့မြင်ပြုရာ ရောက်နေကြောင်း အမျိုးသားရေး ကွန်ရက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က ဘယ်ပါတီကိုမှ ဘက်လိုက်တာ မရှိဘူး။ နိုင်ငံရေးသမားတွေ နိုင်ငံရေး လုပ်နေတာ ကိုလည်း မကန့်ကွက်ဘူး။ မနှောက်ယှက်ဘူး။ ဒါပေမယ့် အမျိုးသားရေးကို ထိပါးလာရင်၊ အချုပ်အခြာ အာဏာကိုထိခိုက်လာရင် လုံးဝလက်မခံနိုင်ဘူး။ ဘင်္ဂလီတွေဟာ အစိုးရကတရားဝင်လုပ်တဲ့ သန်းခေါင် စာရင်းကိုတော့ ဖျက်လိုဖျက်ဆီးလုပ်ပြီး NLD ပါတီက လက်မှတ်ကောက်တာကျတော့ ပူးပေါင်းနေတယ် ဆိုက တည်းက စဉ်းစားစရာမလိုဘူး။ ကျွန်တော်တို့ ငတုံးတွေ မဟုတ်ဘူး။ မကြာခင်မှာလည်း ဇွန်လ ၆ ရက်နေ့မှာ စစ်တွေမှာ ဟောပြောပွဲလုပ်မယ် ဆိုပြီး ကြားတယ်။ NLD နဲ့ ၈၈ က ဘယ်သူတွေပဲ လာပြီး ဟောပြောပါစေ အချုပ်အခြာအာဏာကို မထိပါးဖို့ ကြိုတင် သတိပေးထားချင်တယ်။ သူတို့ ဟောပြောပွဲ လုပ်လို့ တင်းမာမှုတွေ ပြန်ဖြစ်လာရင် NLD နဲ့ ၈၈ မျိုးဆက်မှာပဲ တာဝန်ရှိမယ်” ဟု ၄င်းက ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို စစ်တွေမြို့တွင် ဇွန်လ ၆ ရက်နေ့ ၌ ကျင်းပမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့ တက်ရောက်မည် ဟု မျှော်လင့်ထားကြောင်း ရခိုင်ပြည်နယ် NLD ပါတီရုံးချုပ်ထံမှ သိရှိရသည်။

ပြည်သူ့အာဏာ

No comments:

Post a Comment

My Blog List