Friday, June 06, 2014

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲ ကျင်းပ




မြန်မာ-ဘင်္ဂလားဒေ့ရှ် အလံတင် ဆွေးနွေးပွဲအား ဇွန် ၅ ရက် နံနက်ပိုင်းက မောင်တောမြို့ ဒေဝါနဒီခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။ယင်းအစည်းအဝေးမှာ ခြောက်နာရီ ကြာမြင့်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကြားတွင်ရှိနေသော RSO လက်နက်ကိုင်အဖွဲ့ကို ပူးပေါင်းရှင်းလင်းရန် အဓိကအချက်အနေဖြင့် မြန်မာနိုင်ငံဘက်မှ တိုက်တွန်းမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှသာ အဖြေရလဒ်ကို အတိအကျပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လတ်တလောတွင် အကြောင်းမဲ့ပစ်ခတ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ စွပ်စွဲမှုပြုလုပ်ထားသော နယ်ခြားစောင့်တပ်ဖွဲ့ အချို့ကို ယူနီဖောင်းဝတ်စုံများ သတ်မှတ်နိုင်ရန် တိုက်တွန်းမှုတစ်ရပ်အနေဖြင့် ပြုလုပ်ခဲ့သည်။

အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးရဲမှူးချုပ် တင်ကိုကိုက “ကျွန်တော်တို့ခိုင်မာတဲ့ သတင်းအချက်အလက်တွေ အရ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လက်နက်ကိုင်အကြမ်းဖက်နေတဲ့သူတွေ ရှိတယ်။ အဲဒီအပြင် သူတို့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အင်္ကျီအရောင်ဆင်တူတာတွေကို ဖန်တီးဝတ်နေကြပါတယ်”ဟု ပြောကြားခဲ့သည်။

နောက်ဆုံး နှစ်ဖက်ဆွေးနွေးခဲ့မှုများအရ ဒူးချီးရားတန်းဖြစ်စဉ်တွင် ဖမ်းဆီးရမိခြင်းမရှိသေးသော် ကျူးလွန်သူ အဓိက တရားခံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ခိုလှုံနေကြောင်း၊ ပူးပေါင်းဖမ်းဆီးပေးရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း တစ်လျှောက်တွင် ပူးပေါင်းကင်းလှည့်ခြင်း၊ နယ်စပ်မှတ်တိုင်များ စစ်ဆေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက် မည့်အစီအမံကို ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဘီဂျီဘီက သူတို့ဆီမှာ RSO မရှိဘူးလို့ပြောထားတယ်။ အဲဒီလိုဆိုရင် မြန်မာဘက်က လုံခြုံရေးရဲတပ်ဖွဲ့ လေးယောက် ကျဆုံးတာဟာ ဘယ်အဖွဲ့အစည်းက သတ်တာလဲဆိုတာကို ဘင်္ဂလားဒေ့ရှ်က အဖြေထုတ်ပေးရမယ်။ အခုကိစ္စက ဒီဘက်ကိုဝင်လာလို့ ပစ်ခတ်ကြပြီး ဖမ်းမရလိုက်ရင် သောင်းကျန်းသူတွေဖြစ်ပြီး ဖမ်းမိလိုက်ရင် ဘင်္ဂလား နယ်ခြားစောင့်တပ်ကလို့ ထုတ်ပြောတယ်။ ဒါဟာ မရိုးသားဘူး။ သောင်းကျန်းသူကို ဖော်ထုတ်ပေးရမယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဆွေးနွေးပွဲမှာအဖြေထုတ်ပေးရမယ်။ သူတို့လူလို့ အလောင်းတောင်းထားတာကို ပေးလိုက်ပြီ။ ကျွန်တော်တို့က အဲဒီအလောင်းဟာ ဘီဂျီဘီ ဟုတ်မဟုတ်ဆိုတာ အချက်လေးချက်နဲ့ အဖြေထုတ်လို့ရတယ်။ ဒါကတော့ နံပါတ် ၁ အခုဖမ်းမိတဲ့ အလောင်းမှာ ဝတ်ထားတဲ့ ယူနီဖောင်းမှာ ဘီဂျီဘီဆိုတဲ့ တံဆိပ်မပါ။ နံပါတ် ၂ ဘီဂျီဘီယူနီဖောင်းက အမည်းရောင် ပြောက်ကျားဝတ်စုံ ဝတ်တယ်။ အခုဖမ်းမိတဲ့အလောင်းမှာ အဝါရောင်ပြောက်ကျားဝတ်စုံ ဝတ်ထားတယ်။ နံပါတ် ၃ ဘီဂျီဘီဟာ မြန်မာနိုင်ငံကို ခိုးဝင်စရာမရှိဘူး။ အကြောင်းကြားပြီး ဝင်လာလို့ရတဲ့အနေအထား ရှိတယ်။ ဒါပေမဲ့ အခုနယ်စပ်ကို အကြောင်းမကြားဘဲ ခိုးဝင်လာတယ်။ နံပါတ် ၄ က အခုပစ်ခတ်မှုတွေမှာ လက်နက်ကြီးတွေ ပစ်ခတ်တာမရှိဘူး။RSO သောင်းကျန်းသူတွေမှာ လက်နက်ကြီးမရှိဘူး။ ဒါက သောင်းကျန်းသူဆိုတာကို သက်သေပြနေတာ ဖြစ်တယ်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က စစ်အင်ဂျင်နီယာတပ်ဖွဲ့က သုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်းသွားတဲ့ အဖွဲ့ဟာ ဘယ်အဖွဲ့လဲ။ သောင်းကျန်းသူ မရှိဘူးလို့ ပြောထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာလုံခြုံ ရေးအဖွဲ့တွေကို ချုံခိုတိုက်နေတဲ့ ဘယ်အဖွဲ့ရှိနေလဲဆိုတာကို တာဝန်ယူဖြေရှင်းပေးရမယ်။

ဒေသခံတွေ စိုးရိမ်နေတဲ့ အချက်က RSO ဆိုတာ မောင်တောမှာရှိနေတဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေ ဖြစ်တယ်။ သူတို့ဟာ တရားဝင်ဂိတ်က ခုနစ်ရက်ပတ်စ်ပို့နဲ့ ထွက်ပြီး စစ်သင်တန်းတက်တယ်။ နောက် ခိုးထွက်ပြီး ရက်ရှည် စစ်သင်တန်းတက်ပြီးသားတွေ ဖြစ်နေပြီ”ဟုမောင်တောမြို့ခံ ဝင်းသိန်းက ပြောပြသည်။

မြန်မာနိုင်ငံအမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို နှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ခွန်ဒိုကာဖာရစ်ဟာဆန်နှင့် အရာရှိများတက်ရောက်ခဲ့ပြီးမေ ၂၈ ရက် ထိတွေ့မှုဖြစ် စဉ်တွင် မြန်မာလုံခြုံ ရေးတပ်ဖွဲ့မှ အသေဖမ်းဆီးရထားသည့် အလောင်းမှရရှိထားသည့် အမ်-၂၂ သေနတ် နှင့် ၎င်းသေနတ်ပါ ကျည်ဆန်များကို ပြန်လည်လွှဲပြောင်းမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ယခုတစ်ကြိမ် တွေ့ဆုံမှုအပါအဝင် ယခုနှစ်အတွင်း သုံးကြိမ်မြောက်ရှိခဲ့ပြီး ဆွေးနွေးမှုများမှာ အရာမထင်ဘဲ နယ်စပ်ပြဿနာနှင့် လူဝင်မှုကိစ္စရပ်များကို ထိရောက်စွာတားဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List