Friday, June 06, 2014

ကျိုက်လတ်မြို့နယ်တွင် ထွန်တုန်းတိုက်ပွဲ ပြုလုပ်





ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ရှိ တပေတမော့ကျေးရွာတွင် ကော့စတစ်ဆိုဒါ စက်ရုံတည် ဆောက်ရန်ဟုဆိုကာ သိမ်းဆည်းခံထားရသည့် လယ်ယာမြေများတွင် မူလလယ်ပိုင်ရှင် ၁ဝဝ ခန့်က ဝင်ရောက်ထွန်ယက် စိုက်ပျိုးနေကြကြောင်း သိရသည်။

“မနေ့ကစပြီး ကျွန်တော့်လယ်မြေထဲမှာ စထွန်တော့ ကျန်တဲ့လယ်သမားတွေကလည်း ဝိုင်းကူညီကြတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ ဝင်မထွန်ဖို့ တားပါတယ်၊ ကျွန်တော်တို့ကတော့ ဆက်လုပ်သွားမှာပါ”ဟု လယ် ၁၅ဧကကျော် အသိမ်းခံရသည့်ဦးထိန်လင်း က ပြောသည်။

၁၉၈၅ ခုနှစ်ကတည်းက အဆိုပါစက်ရုံ တည်ဆောက်ရန်အတွက် လယ်မြေဧက ၈ဝကျော်ကို သိမ်းဆည်း ထားခဲ့သော်လည်း လက်ရှိအချိန်အထိ စက်ရုံဆောက်လုပ်ခြင်း မရှိဘဲ လူနေအဆောက်အအုံ အနည်းငယ် သာရှိကြောင်း သိရသည်။

သိမ်းဆည်းခံလယ်ယာမြေများတွင် ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ၂ဝ၁၂ ခုနှစ်မှစ၍ အကြိမ်ကြိမ်စာတင်ခဲ့သော်လည်း တစ်စုံတရာ အကြောင်းပြန်ကြားမှုမရှိကြောင်း လယ်သမားများ ၏ပြောကြားချက်အရ သိရသည်။

“ပြီးခဲ့တဲ့ သုံးလပိုင်းကတော့ ကျိုက်လတ်မြို့ မြေစာရင်းက ခေါ်တွေ့တယ်၊ ဦးစီးမှူး က ကျွန်တော့်ကို လယ်ယာမြေကိစ္စတွေ ဖြေရှင်းမပေးနိုင်ဘူးလို့ ပြောတယ်”ဟု လယ်သမား ဦးထိန်လင်း က ပြောသည်။

လက်ရှိအချိန်အထိ လယ် ၁၅ဧကကျော်တွင် ထွန်ယက်၍ စပါးမျိုးစေ့ကျဲခြင်းများ ပြီးစီးပြီဖြစ်ကာ ကျန်ရှိသည့် လယ်မြေများတွင်လည်း ဆက်လက်စိုက်ပျိုးသွားမည်ဟု လယ်သမားများက ပြောကြားသည်။

ထက်နောင်နောင်
The Myanmar Age

No comments:

Post a Comment

My Blog List