Monday, June 02, 2014

ပြည်သူ့ဆန္ဒဖြင့် ပုဒ်မ-၄၃၆ပြင်ဆင် လက်မှတ်ထိုးရန်မိုးမိတ်မြို့တွင်ပြုလုပ်


ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့၌ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှ အခန်း(၁၂)ပါ ပုဒ်မ- ၄၃၆ကို ပြင်ဆင်ရန် မိုးမိတ်ပြည်သူလူထု၏ဆန္ဒဖြင့် ပူးပေါင်းပါဝင်လက်မှတ်ထိုးတောင်းဆိုသွားမည်ဟု မိုးမိတ်NLDအဖွဲ့၊ ဥက္ကဌဦးတိုးသောင် မှ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာလက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုကို ကိုယ်စားပြုထားတဲ့ ဥပဒေမူကြမ်းမဟုတ်ပါဘူး။ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ဥပဒေမူလို့ ပြောလို့ရပါတယ်။ ပြည်သူတွေကို 
ကာကွယ်စောင့်ရှောက်တဲ့ ကျင့်ထုံးဥပဒေရယ်လို့ မရှိသလောက်ပါပဲ။ ဖွဲ့စည်းပုံမှာ ရေးဆွဲထားတဲ့ ပုဒ်မတိုင်းဟာဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့အပြင် ပုဒ်မ၄၃၆ဟာ သူတို့ အချုပ်အခြာအာဏာ ခိုင်မြဲရေး အတွက် သော့ခတ်ထိန်းထားတဲ့ ပုဒ်မဖြစ်နေပါတယ်။ 

ဒါကြောင့် အဲ့ဒီပုဒ်မကိုအရင်ဦးဆုံး ပြင်ဘို့ ခုလို တောင်းဆိုမှုတွေ လုပ်ရတာပါ။ ၄၃၆ ပုဒ်မ ပြင်နိုင်ရင် ကျန်ပုဒ်မတွေကို ဆက်ပြီးပြင်နိုင်သွားမှာမို့ ပြည်သူဆန္ဒနဲ့ ခုလို တစ်နိုင်ငံလုံးပြင်ဆင်လက်မှတ်ထိုးတာပါပဲ။  မိုးမိတ်မှာလည်း ကျွန်တော်တို့ ပါတီက ဦးဆောင်ပြီး ပြည်သူ့ဆန္ဒနဲ့ လက်မှတ်ထိုး တောင်းဆိုသွား မှာဖြစ်တယ်”ဟု ဦးတိုးသောင်မှပြောပြခဲ့သည်။

ယနေ့မြန်မာနိင်ငံတွင် အုပ်ချုပ်ကျင့်သုံးနေသော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းအား ၁၉၉၀ ခုနှစ်က အကောင်အထည် ဖေါ်နိုင်ရန် စစ်အစိုးရမှအကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲလာခဲ့၍ ၂၀၀၈ခုနှစ် အရောက် မြန်မာပြည် နာဂစ်မုန်တိုင်း ဘေးရောက်နေချိန်ကာလ၊ ပြည်သူတွေ သိန်းပေါင်းများစွာ သေကြေ၊ တိုင်းပြည်ဒုက္ခ ရောက်နေချိန်၌ နိုင်ငံတော်မှ အတင်းအဓမ္မ ဆန္ဒခံယူပွဲ ပြုလုပ်ရေးဆွဲလာခဲ့သည့် ၂၀၀၈/ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ကြောင်း၊ ယင်းကြောင့် အတိုက်အခံနိုင်ငံရေးပါတီများ၊ အရပ်ဖက်နိုင်ငံရေးအဖွဲ့ စည်းများ၊ ပြည်သူလူထုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများက ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ် ယုံကြည်ကိုးစားမှုမရှိခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလို ပုဒ်မ၄၃၆ကို ပြင်ဆင် ရန် သဘောတူ၍လက်မှတ်ထိုးတောင်းဆို မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်သိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အထက်ပါ ပုဒ်မ၄၃၆ကိုပြင်ဆင်လိုပါက လွတ်တော်ထဲရှိ ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်ထောက်ခံမှပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ ၇၅ရာခိုင်နှုန်းကျော် ထောက် ခံသော်လည်း ပြည်သူ့ကိုယ်စားမပြုသည့် တပ်မတော်သား လွှတ်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းက မထောက်ခံပါက ပြင်ဆင်လို့မရနိုင်ကြောင်း၊ ထို့အပြင်လွှတ်တော်မှ ၇၅ရာခိုင်နှုန်းကျော်ထောက်ခံ အတည်ပြုချက်ရယူပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်သည့်အခါ ဆန္ဒမဲပေးပိုင်ခွင့်ထက်ဝက်ကျော် ထောက်ခံမှသာပုဒ်မ၄၃၆ကိုပြင်ဆင်နိုင်မည်ဟု ၎င်းဖွဲ့စည်းပုံအရ ပြဌာန်းထားသည်ကိုလည်းတွေ့ရသည်။

ယင်းကြောင့် အဆိုပါပုဒ်မကို လက်ရှိဖွဲ့စည်းပုံက ပြင်လို့မရအောင် ချုပ်ကိုင်ထားသည့်အတွက် ယခုလိုတပ်မတော်များ ၊ပြည်သူများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းအသီးသီးတို့ကအမျိုးသား တာဝန်တစ်ရပ် 
အနေဖြင့် ပြင်ဆင်ရေးကို လက်မှတ်ထိုးတောင်းဆိုသွားရန် ပူးပေါင်း ပါဝင် စေလိုကြောင်း ပြောပြခဲ့သည်။

“ကျွန်တော့်အနေနဲ့ ပုဒ်မ၄၃၆ကို ဘာကြောင့်ပြင်ချင်ရလည်းဆိုတော့ ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံ မမှီ ဘူးလို့ပြောရမှာပဲ။ပြည်သူတွေကို ကိုယ်စားပြုရေးထားတဲ့ဥပဒေပုဒ်မတစ်ခုမှမရှိဘူး။ လက်ရှိတိုင်းပြည်မှာ ဒီဥပဒေတွေကြောင့် လယ်သိမ်း၊ ဖမ်းဆီးထောင်ချ၊ ပြည်တွင်းစစ်တွေကမရပ်၊ ဒီမိုကရက်တစ်မဆန်တဲ့ လုပ်ရပ်တွေကြောင့်ဖက်ဒရယ်ပြည်ထောင်စုဆိုတာမမြင်နိုင်၊ အဓိက ၂၀၀၈ဖွဲ့စည်းပုံကြောင့်ပဲလေ၊ ဒါကြောင့် ၄၃၆ ကိုပြင်နိုင်ရင် ကျန်တာကို ပြင်သွားနိုင်တာမို့ ခုလိုပြင်ဆင်ဘို့လိုလားတာပါ”ဟုမိုးမိတ်မြို့နေ ဦးမြဦးကလည်း ဝေဖန်ပြောဆိုထားသည်။

ထိုကြောင့် အဆိုပါပုဒ်မ၄၃၆ကို ပြင်ဆင်လက်မှတ်ထိုးတောင်းဆိုသွားရန် မိုးမိတ်NLDအဖွဲ့မှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်/ ကျေးရွာများတွင် ကွင်းဆင်း၍ ပြင်ဆင်ရခြင်း၏အကြောင်းများကိုရှင်းပြရင်း လူထုဆန္ဒဖြင့် လက်မှတ်ထိုးကောက်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List