Wednesday, June 04, 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်း အပြီးသတ်ရေး အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် KNU တွေ့ဆုံဆွေးနွေးမည်


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်း အမြန်ဆုံး အပြီးသတ်နိုင်ရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ကို နေပြည်တော်တွင် သွားရောက် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က  ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ဗဟိုကော်မတီ အဖွဲ့သည် အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့၏ ထိပ်ပိုင်း ခေါင်းဆောင်များကို ဇွန်လ ၄ ရက်နေ့ (သို့မဟုတ်) ၅ ရက်နေ့တွင် နေပြည်တော်၌ သီးခြားစီ သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ 

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို အဓိကထား ဆွေးနွေးရန်အတွက် KNU ဥက္ကဋ္ဌ စောမူတူးစေဖိုးနှင့် စစ်ဦးစီးချုပ် အပါအဝင် ဗဟိုကော်မတီဝင်များသည် ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က အစိုးရနဲ့ သီးသန့် တွေ့ဆုံမှုတွေကို ခဏခဏ လုပ်ဖြစ်တယ် ဆိုတာက လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကို ညှိနှိုင်းတယ်၊ ဖလှယ်တယ်။ ယုံကြည်မှု ရှိကြတဲ့သူ အချင်းချင်း တွေ့ဆုံကြတဲ့ သဘောပါ။ ဒီရက်ပိုင်းမှာ တွေ့ဖြစ်မှာပါ” ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော် နာယကသူရ ဦးရွှေမန်းနှင့်လည်း တွေ့ဆုံ မည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို တွေ့ဆုံပြီးမှသာ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီထံမှ သိရသည်။

သို့သော်လည်း မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center) မှ တာဝန်ရှိသူ တစ်ဦးကမူ ယင်းသို့ တွေ့ဆုံမည့်ကိစ္စနှင့် ပတ်သက်၍ မသိရှိသေးကြောင်း ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက တွေ့မယ့်ကိစ္စကို ကြားရပါတယ်။ ဒါပေမဲ့ တရားဝင်တော့ မသိသေးပါဘူး” ဟု ၎င်းကဆိုသည်။

KNU တာဝန်ရှိသူများသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) တွင် ဦးဆောင် ဆွေးနွေးသူများအဖြစ် ပါဝင်လျက်ရှိပြီး KNU အထွေထွေအတွင်းရေးမှူး ဖဒိုကွယ် ထူးဝင်းသည် NCCT ၏ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူ ထားသည်။ 

အဆိုပါ NCCT အဖွဲ့၏ ဒုတိယမြောက် တိုင်းရင်းသား လက်နက်ကိုင် စုံညီအစည်းအဝေးကို KNU ဌာနချုပ် လေးဝါးစခန်းတွင် ၂၀၁၃ ခုနှစ်အတွင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

ကရင်အမျိုးသားအစည်းအရုံး KNU သည် နှစ်ပေါင်း ၆၀ ကျော်အကြာ လက်နက်ကိုင် တိုက်ခိုက်ခဲ့သော် လည်း အရပ်သား အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် လေးကြိမ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ငါးကြိမ်တိုင် တွေ့ဆုံထားပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့်မူ တွေ့ဆုံထားခြင်း မရှိပေ။

The Voice Weekly

No comments:

Post a Comment

My Blog List