Wednesday, June 04, 2014

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ရုရှားသမ္မတပူတင် တွေ့ဆုံဆွေးနွေးမည်


ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ရုရှားသမ္မတ ပူတင်တို့သည် လာမည့် သောကြာနေ့တွင် ပြင်သစ် နိုင်ငံတွင် တွေ့ဆုံ၍ ယူကရိန်း အရေးကိစ္စ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ဗြိတိန်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ Xinhua သတင်းတွင် ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ် အတွင်းက ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေသို့ မဟာမိတ်တပ်များ စတင်တိုက်ခိုက်ခဲ့သည့် ရက် ဖြစ်သော ဇွန်လ ၆ ရက်နေ့တွင် ဒီ-ဒေးနေ့ အထိမ်းအမှတ်နေ့ အဖြစ် နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် နှစ် (၇၀) မြောက်အထိမ်းအမှတ်နေ့ အဖြစ်ကျင်းပမည့် နေ့တွင် ပြင်သစ်နိုင်ငံ၌ ကမ္ဘာ့ခေါင်းဆောင်များ စုဝေးကြမည် ဖြစ်သည်။

အဆိုပါ ဒီ-ဒေး အထိမ်းအမှတ်ပွဲသို့ တက်ရောက်မည့် ဗြိတိန်ဝန်ကြီးချုပ်နှင့် ရုရှားသမ္မတ ပူတင်တို့က ယူကရိန်း အရေးကိစ္စနှင့်ပတ်သက်၍ သီးခြားတွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်

လွန်ခဲ့သောလက ဗြိတိန်အိမ်ရှေ့မင်းသား ချားစ်က ရုရှားသမ္မတ ပူတင်ကို နာဇီခေါင်းဆောင် ဟစ်တလာနှင့် ခိုင်းနှိုင်း ပြောဆိုခဲ့ပြီးနောက် ရုရှားနှင့်ဗြိတိန်တို့၏ ဆက်ဆံရေးတွင် အဖုအထစ်များ ဖြစ်ခဲ့ရသည်။

ပြင်သစ်တွင် ကျင်းပမည့် ဒီ-ဒေး နှစ်ပတ်လည် အခမ်းအနားသို့ မကြာသေး ခင်က ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် ယူကရိန်းသမ္မတသစ် ပိုရိုရှန်ကိုကို တက်ရောက်ရန် ဖိတ်ကြားထားသော် လည်း ရုရှား သမ္မတ ပူတင်နှင့် ယူကရိန်းသမ္မတ တွေ့ဆုံဆွေးနွေးခြင်း ရှိ မရှိမှာ တရားဝင်ပြောကြားခြင်း မရှိသေးပေ။

ရုရှားသမ္မတပူတင်နှင့် ယူကရိန်း သမ္မတသစ် ပိုရိုရှန်ကိုတို့ တွေ့ဆုံဆွေးနွေးရေး အတွက် ယခုပွဲမှာ အရေးပါသော အခွင့်အရေး ဖြစ်ကြောင်း ဗြိတိန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

ယူကရိန်းနိုင်ငံတွင်းရှိ ကရိုင်းမီးယား ဒေသနှင့် ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားလိုလားသော လက်နက်ကိုင် တပ်များက ယူကရိန်းမှ ခွဲထွက်ရန်ကြိုးပမ်းရာတွင် ရုရှားက ပါဝင်ပတ်သက်မှုများ ရှိနေ ခြင်းကြောင့် အမေရိကနှင့် ဥရောပသမဂ္ဂတို့က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် ရုရှားနှင့် ဥရောပ နိုင်ငံများ၏ ဆက်ဆံရေးမှာ အေးစက်သွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List