Wednesday, June 04, 2014

အစိုးရက ပြည်သူများထံပေးထားသည့် ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများ ဆောက်လုပ်ပေးရေးဆိုင်ရာ ကတိများအနက် ထက်ဝက်ခန့်ကိုသာ အမှန်တကယ်ဆောင်ရွက်ပေးကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာတွင်ဖော်ပြ



အစိုးရအနေဖြင့် ပြည်သူများထံသို့ပေးထားသည့် ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများ ဆောက်လုပ်ရေး ဆိုင်ရာ ကတိများအနက် ထက်ဝက်ခန့်ကိုသာ အမှန်တကယ်ဆောင်ရွက်ပေးကြောင်း ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇွန် ၃ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းသည့်  ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ပြည်သူများ၏ လိုလားချက်များဖြစ်သော ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်မှတစ်ဆင့် အစိုးရထံတောင်းခံခဲ့ရာ အစိုးရမှ ဆောင်ရွက်ပေးမည်ဟု ကတိပြုသည့်လုပ်ငန်း စုစုပေါင်း ၂၂၁၇ ခုရှိခဲ့ပြီး အမှန်တကယ်ဆောင်ရွက်ပြီးသည့် လုပ်ငန်းမှာ စုစုပေါင်း ၁၁၅၁ ခုသာရှိနေကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာတွင် အစိုးရသစ်စတင်တာဝန်ယူပြီး လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပပြီးနောက် ပထမပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးအထိ အစိုးရအဖွဲ့မှ ကြယ်ပွင့်ပြမေးခွန်းများ ပြန်လည်ဖြေကြားရာ၌ ကတိပေါင်း ၆၁၈ ခုရှိခဲ့ကြောင်း၊ ၎င်းတွင် ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများနှင့် ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ပါဝင်ကြောင်း၊ ၎င်းကတိပေါင်း ၆၁၈ ခုအနက် ၄၁၅ ခုသာ အမှန်တကယ် ပြီးစီးပြီဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည်ဟု ပါရှိသည်။

လွှတ်တော်သို့တင်သွင်းသည့်  အဆိုများအတွက် အစိုးရမှပေးထားသည့် ကတိပေါင်း ၇၇ ခုရှိပြီး အစိုးရ အဖွဲ့မှပေးပို့သည့် ပြီးစီးမှုသည် ၆၁ ခုသာရှိကြောင်း သိရသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများအတွက် ကြယ်ပွင့်မပြကတိအဖြစ် စုစုပေါင်း လုပ်ငန်းပေါင်း ၁၅၂၂ ခုကို အစိုးရမှပေးခဲ့သော်လည်း အမှန်တကယ်ပြီးစီးပြီဟု အကြောင်းကြားလာသည့် လုပ်ငန်းအရေအတွက်မှာ ၆၇၅ ခုသာရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများ၏ လိုလားချက်များကို ကတိပေးပြီးသော်လည်း ထက်ဝက်မျှသာ ဆောင်ရွက်ပေး သဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် ဝေဖန်ခဲ့ကြသည်။

ဇွန် ၃ ရက်တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေး၌ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားစဉ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ဆွေးနွေးရာတွင် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့ ကိုယ်စား တင်ပြတောင်းခံခြင်းဖြစ်ကြောင်း၊ အစိုးရမှ ကတိပေးသည့်အတွက် ပြည်သူများထံ လိုအပ်ချက် များကို အစိုးရကလုပ်ပေးလိမ့်မည်ဟု ပြန်လည်ကတိပေးခဲ့ကြောင်း၊ သို့သော် အမှန်တကယ်တွင် မရလာသဖြင့် ပြဿ     နာများရှိကြောင်း၊ ထို့ကြောင့် အစိုးရ၏ကတိများတည်ကြရန် ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က ပြည်နယ်များရှိအစိုးရမှ ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို နှစ်ချီ အချိန်ယူဆောင်ရွက်နေသည်မှာ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ၀န်ကြီးဌာနများသည် ကတိဖြစ်သည်၊ မဖြစ်သည်ကို ကွဲကွဲပြားပြား ဆုံးဖြတ်နိုင်ခြင်းမရှိသော အဖြေများနှင့် ဖြေနေသည်ကို ဝေဖန်ပြောကြားခဲ့သည်။
    
ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် တိုးမြှင့်ရရှိငွေအများစုသည် အသစ်ဆောက်လုပ်မှုများအတွက်သာ ကုန်ကျမှုများနေကြောင်း သိရသည်။ ယိုယွင်းဟောင်းနွမ်းလျက်ရှိသော ကျောင်းဆောင်ဟောင်းများ၊ အမှန် တကယ် ပြုပြင်ဖြည့်တင်းရန် လိုအပ်သောကိစ္စရပ်များတွင် အသုံးမပြုဘဲ မလိုအပ်သော ကျောင်းသစ် ဆောက်လုပ်ခြင်းသည် ဆောက်လုပ်ရေးကန်ထရိုက်နှင့် လာဘ်စားသူအချို့အတွက်သာ အကျိုးဖြစ်ထွန်း စေကြောင်း ဝေဖန်မှုများရှိနေသည်။ 

ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးရုံ၊ ဆေးခန်းများ၌ လူထုအတွက် အမှန်တကယ်လိုအပ်ချက်များ ဖြည့်တင်းခြင်းထက် မဖြစ်မနေဆောက်လုပ်ရန် မလိုအပ်သေးသည့် တောင်ကြီးဆေးတက္ကသိုလ်သစ် ဆောက်လုပ်ခြင်းကဲ့သို့သော အသစ်ဆောက်လုပ်မှုများအတွက်သာ အကုန်အကျခံ လုပ်ဆောင်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List