Wednesday, June 04, 2014

အစိုးရပေးထားသည့် ကတိကဝတ် ၁၅၀၀ ကျော်တွင် ၈၀၀ ကျော် ဆောင်ရွက်ပေးရန်ကျန်


ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန်အစည်းအဝေးအထိ လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းထားသော မေးခွန်းများ၊ အဆိုများတွင် အစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသည့် ကတိကဝတ် ၁၅၀၀ ကျော်အနက် ၈၀၀ ကျော် ဆောင်ရွက်ပေးရန် ကျန်ရှိနေ သေးကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဝင်များက ပြောကြားသည်။ 

အစိုးရ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ကတိကဝတ်များကို ဆောင်ရွက် ပေးနိုင်ရန်အတွက် ပြည်သူ့ လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက အစီရင်ခံစာတစ်ရပ် ရေးသားပြီး ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။ 

အစိုးရ၏ လုပ်ဆောင်ပေးရမည့် ကတိကဝတ်များတွင် ဆောင်ရွက်ဆဲ ၂၈၅ ခု၊ ယခုနှစ်အတွင်း ဆောင်ရွက် ရမည့် လုပ်ငန်း ၄၉၄ ခုနှင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ် နောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်း ၆၈ ခုဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဝင်းစိန်က ဆိုသည်။

အစိုးရအဖွဲ့၏ လုပ်ဆောင်ပြီးစီးခဲ့သည်ဟုဆိုသော လုပ်ငန်းများကိုလည်း ကော်မတီအနေနှင့် ပြန်လည်လေ့ လာ စိစစ်ပေးရန် လိုအပ်နေကြောင်း အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက ထောက်ပြ ပြောဆိုခဲ့သည်။

ယင်းကိစ္စကို လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာအစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ပြီး ကိုယ်စားလှယ် များ၏ဆန္ဒကိုရယူပြီး မှတ်တမ်းတင်ထားရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ကြေညာ ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List