Wednesday, June 04, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်



ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင်အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။
မေ ၁၂ရက်တွင် အဆိုပါအမြန်လမ်းမကြီးပေါ်၌ ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးပြီးသည့်နောက်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးအား လေးလမ်းသွားမှ ရှစ်လမ်းသွား အထိ တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် ပြင်ဆင်သွားဖို့ စီစဉ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အချက်အလက် အကုန်လုံးကို သမ္မတကိုတင်ပြထားပါတယ်။ အခုအရင်ဆုံးအနေနဲ့ တံတားအပိုင်းတွေကို တိုးချဲ့ဆောင်ရွက်နေပါပြီ။ အမြန်လမ်းမှာ လုံခြုံရေးနဲ့ စည်းကမ်းပိုင်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် အမြန်လမ်းရဲတပ်ဖွဲ့အင်အားကိုလည်း ဖွဲ့စည်းပုံအင်အားထက်ပိုပြီး တိုးချဲ့သွားပါမယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ဇွန် ၃ ရက်တွင်ဆိုသည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းညွှန်သတိပေးဆိုင်းဘုတ်များကို မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးဖြင့် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၁၂ရက် ည ၇နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသည်တင်ယာဉ်မှာ ပြုတ်ကျခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၆ဦးသေဆုံး ခဲ့ပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုဖြစ်ခဲ့သည့် ရာဇာမင်းခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်းထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List