Tuesday, June 03, 2014

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချမည့် စည်းမျဉ်းသစ်များ အိုဘားမား ပြဋ္ဌာန်းမည်


အမေရိကန်အစိုးရသည် ကျောက်မီးသွေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရာတွင် ကမ္ဘာကြီးပူနွေး မှုကို ဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချမည့် စည်းမျဉ်းအသစ်များ ရေးဆွဲ ပြဋ္ဌာန်းတော့မည် ဖြစ်ကြောင်း  ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု အတွင်းရှိ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၁၆၀၀ မှ ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၃၀ ခုနှစ် မတိုင်မီ ၃၀ ရာခိုင်နှုန်းထိ လျှော့ချသွားရန် အမေရိကန် သမ္မတ အိုဘားမားက စည်းမျဉ်းအသစ်များ ပြဋ္ဌာန်းမည် ဖြစ်သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေကြောင်း အကြောင်းအချက် တစ်ခုဖြစ်ရာ တရုတ်နှင့် အိန္ဒိယတို့ကလည်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

“ကျွန်တော်တို့ ကမ္ဘာကြီးကို ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ မူဘောင်တွေထဲမှာ အမေရိက ပါဝင်အောင် လုပ်ဆောင်လိုပါတယ်။ တခြားနိုင်ငံတွေ ကျင့်သုံးနေတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ကျွန်တော်တို့က ခြွင်းချက်ဆိုပြီးမလိုက်နာလို့ မဖြစ်ပါဘူး”ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြား သည်။

အမေရိကန်သမ္မတ အိုဘားမား၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချမည့် စည်းမျဉ်း အသစ်များ သည် ကျောက်မီးသွေးစက်ရုံများ ပိတ်ပစ်ရနိုင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားခ ဈေးတက်သွားနိုင်ခြင်းများ ဖြစ် သွားနိုင်ကြောင်း ဝေဖန် ထောက်ပြသူများလည်း ရှိသည်။

အမေရိကန်သမ္မတ အိုဘားမား၏ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချမည့် စည်းမျဉ်း စည်းကမ်းအသေးစိတ်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးသော်လည်း နယူးယောက်တိုင်းမ် သတင်းစာ ၏ ဖော်ပြချက်အရ ၂၀၃၀ ခုနှစ်မတိုင်မီ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၃၀ ရာခိုင်နှုန်း အထိ လျှော့ချသွားဖွယ် ရှိကြောင်း ဖော်ပြထားသည်။

အိုဘားမား အစိုးရသည် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချရေးနှင့် ပတ်သက်၍ ဥပဒေပြု ရာတွင် ရီပတ်ဘလီကန် အမတ်များ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

၂၀၁၀ ပြည့်နှစ်က အဆိုပါဥပဒေ ပြဋ္ဌာန်းရန် ကြိုးပမ်းခဲ့ရာတွင် ဆီးနိတ်လွှတ်တော်ရှိ ရီပတ်ဘလီကန် အမတ်များက ကန့်ကွက်ခဲ့ခြင်းကြောင့် ဥပဒေပြုနိုင်ခဲ့ခြင်း မရှိပေ။

သို့သော် အမေရိကန်သမ္မတ အိုဘားမားအနေနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချမည့် စည်းမျဉ်းအသစ်ကို ပြဋ္ဌာန်းမည်ဆိုပါက လက်ရှိ ရှိပြီးသား ဖြစ်သော Clean Air Act ဥပဒေဖြင့် ပြဋ္ဌာန်းနိုင် ဖွယ် ရှိသည်။

၂၀၀၇ ခုနှစ်က အမေရိက တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ Clean Air Act ဥပဒေအောက်တွင် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီများနှင့် သမ္မတကွပ်ကွဲမှု အောက်တွင်ရှိသော အစိုးရအဖွဲ့အစည်း များသည် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုနှင့် ပတ်သက်သော စည်းမျဉ်းများ ပြဋ္ဌာန်းနိုင်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List