Tuesday, June 03, 2014

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံပညာကျောင်းများ ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်


၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ အခြေခံပညာကျောင်းများမှာ ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။                

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာ ကဏ္ဍအတွက် ကျောင်းအပ်လက်ခံခဲ့ရာတွင် မူလတန်းနှင့် အလယ်တန်းပညာရေးတို့အား အခမဲ့အဖြစ် သတ်မှတ်ခဲ့ပြီး ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုဘဲ မူလတန်းအဆင့် အတွက် ကျောင်းသုံးစာအုပ် အခမဲ့၊ ကျောင်းသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀ စီနှင့် ဗလာစာအုပ်ခြောက် အုပ်တို့ကို ပေးအပ်ခဲ့ပြီး အလယ်တန်းအဆင့်အတွက် ပုံနှစ်စာအုပ်အခမဲ့၊ ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ စာကြည့်တိုက်၊ အားကစားနှင့် စာရေးကိရိယာကြေးများအား ပေးအပ်ရန် မလိုတော့ပေ။ အထက်တန်းအဆင့်ဖြစ်သည့် န၀မတန်းနှင့် ဒသမတန်းများအတွက် ကျောင်းအပ်ရာတွင် ပညာရေး ၀န်ကြီးဌာနမှ သတ်မှတ်ထားသည့် တစ်နှစ်စာကျောင်းလခများအဖြစ် န၀မတန်းအဆင့်အတွက် ကျပ် ၉၀၀၊ ဒသမတန်းအဆင့်အတွက် ကျောင်းလခ (တစ်နှစ်စာ) ကျပ် ၁၀၀၀ နှင့် မိဘဆရာအသင်းကြေး ကျပ် ၅၀၀၊ စာကြည့်တိုက်၊ အားကစားနှင့် စာရေးကိရိယာကြေး ကျပ် ၅၀၀ တို့မှလွဲ၍ အခြားမည်သည့် အခကြေးငွေမျှ ပေးအပ်ရန်မလိုကြောင်း ထုတ်ပြန်ထားခဲ့သည်။ 

သို့ဖြစ်ရာ နှစ်စဉ်နှစ်တိုင်း ကျောင်းသားမိဘများ တာဝန်တစ်ခုအနေဖြင့် ပေးအပ်နေရသည့် မူလတန်းနှင့် အလယ်တန်းပညာရေးအတွက် ကျောင်းစရိတ်ဝန်ထုပ်ဝန်ပိုးတစ်ခုမှာ လျော့ကျခဲ့သည့်အတွက် ပညာရေး အသိုင်းအ၀ိုင်းမှ အဆိုပါအခမဲ့ပညာရေးစနစ်အပေါ် ကြိုဆိုခဲ့ကြသည်။            

"ကျောင်းအပ်လက်ခံတဲ့အခါမှာလည်း မူလတန်းနဲ့အလယ်တန်းပညာရေးက အခမဲ့ဖြစ်တဲ့အတွက် မည်သည့် အခကြေးငွေမှ ပေးအပ်စရာမလိုပါဘူး။ အလားတူပဲ အထက်တန်းပညာရေးမှာလည်း ပညာရေးဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းပဲ ကောက်ခံဖို့ကို ညွှန်ကြားထားပါတယ်။ 

ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကတော့ ထူးခြားပါတယ်။ အခမဲ့ကို အလယ်တန်းပါ စီစဉ်ထားလို့ပါ" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကဆိုသည်။           
အစိုးရကျောင်းများနည်းတူ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှာလည်း ဇွန်လတွင် ဖွင့်လှစ်ခဲ့ကြသည်။ 

ကိုယ်ပိုင်ကျောင်းများနှင့်စပ်လျဉ်း၍ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ၂၀၁၁ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၁၄) ဖြင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ၂၀၁၂ ဧပြီ ၃၀ ရက်တွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေကို ထုတ်ပြန်ခဲ့ကာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ နိုင်ငံတော်မှ ကိုယ်ပိုင်ကျောင်းများကို တည်ထောင်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ယခုဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုယ်ပိုင်ကျောင်းပေါင်း ၁၆၀ ကျော် ရှိနေပြီဖြစ်သည်။

ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခွင့်ပြုခဲ့သည့် သက်တမ်းကာလမှာလည်းသုံးနှစ်ဝန်းကျင်ရောက်ရှိလာပြီဖြစ် သည့်နည်းတူ ကျောင်းသားမိဘများ၏ ကျောင်းအပ်နှံမှု စိတ်ဝင်စားမှုများမှာလည်း တစ်စတစ်စ ရရှိ လာပြီဖြစ်သည်။            

အခြေခံပညာကဏ္ဍကျောင်းများနည်းတူ အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်များ၏ နေ့စဉ်တန်း ဒုတိယနှစ် ၀က်သင်တန်းများသည်လည်း ဇွန် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List