Friday, June 06, 2014

ရုရှားတွင် ခိုလှုံခွင့် သက်တမ်း တိုးမြှင့်ရရှိရန် စနိုးဒန် ကြိုးပမ်းနေ



အမေရိကန်အမျိုးသားလုံခြုံရေးဌာန၏ ထောက်လှမ်းရေးဆိုင်ရာ ကန်ထရိုက်တာဟောင်း အက်ဒ်ဝပ် စနိုးဒန်သည် ရုရှားတွင် ခိုလှုံခွင့် သက်တမ်း တိုးမြှင့်ခွင့်ရရန် ကြိုးပမ်းနေကြောင်း ၎င်း၏ ရှေ့နေက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။အရာရာတွင် အစီအစဉ် ကျနေပြီဖြစ်ပြီး စနိုးဒန်၏ နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ခွင့်ရ ရန်ကြိုးပမ်းနေကြောင်း စနိုးဒန်၏ ရှေ့နေ အနာတိုလီ ကူချဲရီနာက အင်တာဖက်စ် သတင်းဌာနသို့ ပြောဆိုခဲ့သည်။ 
အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ တရားမ၀င် ထောက်လှမ်းမှုများကို ဖွင့်ချခဲ့ပြီးနောက် စနိုးဒန်သည် ဟောင်ကောင်သို့ သွားရောက်ခဲ့ကာ ယမန်နှစ် ဇွန်တွင် ရုရှားသို့ ဆက်လက် သွားရောက် ခဲ့သည်။ စနိုးဒန်သည် မော်စကိုရှိ ရှီရဲမတ်ယဲဗို လေဆိပ်တွင် ခိုလှုံနေခဲ့ပြီး သြဂုတ်လ (၁) ရက်နေ့ နောက်ပိုင်းမှသာ ခိုလှုံခွင့် ရရှိပြီး လေဆိပ်မှ ထွက်ခွာခွင့် ရရှိခဲ့သည်။

ကဗ္ဘာတစ်ဝန်းရှိ မည်သည့် နေရာတွင် နေထိုင်ခွင့် ရရှိပါစေ ယင်းနေရာသည် ၎င်းအတွက် နေအိမ် ဖြစ်သွားလိမ့် မည်ဖြစ်ကြောင်း စနိုးဒန်က NBC ရုပ်သံဌာနနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောဆိုခဲ့သည်။ ထို့ပြင် ဘရာဇီး အစိုးရထံသို့ ခိုလှုံခွင့် တောင်းခံ ထားပြီးဖြစ်ကာ ၎င်းနိုင်ငံတွင် နေထိုင်ခွင့် ရလိုကြောင်း စနိုးဒန်က ဘရာဇီးရှိ ဂလိုဘို ရုပ်သံဌာနသို့ ပြောဆိုခဲ့သည်။ သို့သော် စနိုးဒန် ခိုလှုံခွင့် လျှောက်ထားခြင်း မရှိခဲ့ကြောင်း ဘရာဇီး နိုင်ငံခြားရေး ၀န်ကြီးက ဖြေရှင်း ပြောဆိုခဲ့သည်။

စနိုးဒန်သည် မိခင်နိုင်ငံသို့ ပြန်လာခွင့် ရှိနေသော်လည်း ၎င်းသည် အမေရိကန် အစိုးရ ၏ လျှို့ဝှက်ချက်များကို ဖွင့်ချ ခဲ့ခြင်းဖြင့် အမေရိကန်၏ ရန်သူများကို ကူညီရာ ရောက်ခဲ့သောကြောင့် မိခင်နိုင်ငံ ပြန်ရောက်ချိန်တွင် ရုံးတင် စစ်ဆေးခြင်း ခံရမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောဆိုခဲ့သည်။

စနိုးဒန်သည် အကန့်အသတ် များစွာ ပါရှိသော တွေ့ဆုံ မေးမြန်းမှုများကိုသာ ပြုလုပ်ခွင့် ပြုခဲ့သောကြောင့် ရုရှားတွင် စနိုးဒန် မည်ကဲ့သို့ နေထိုင် နေရသည်ကို သိရှိရခြင်း မရှိချေ။

စနိုးဒန်အား နေထိုင်ခွင့် သက်တမ်း တိုးမြှင့် ပေးမည်ဖြစ်ကြောင်း ရုရှား သမ္မတဗလာဒီ မာပူတင်က လွန်ခဲ့သော လတွင် စိန့်ပီတာ စဘာ့ခ်မြို့၌ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။ ရုရှားသည် လွတ်လပ်မှုအတွက် တိုက်ပွဲဝင် သူများကို လွှဲပြောင်းပေးမည့် နိုင်ငံတစ်နိုင်ငံ မဟုတ်ကြောင်း၊ ပူတင်က ပြောဆိုခဲ့သည်။ 

ထို့ပြင် စနိုးဒန်သည် ၎င်းတို့အား လျှို့ဝှက်ချက်များ ဖွင့်ချခြင်း မပြုခဲ့သည့် လူလည်တစ်ဦး ဖြစ်ကြောင်း၊ နေထိုင်ခွင့် ပေးထားသည်ကို ထောက်ထားသောအားဖြင့် အနည်းဆုံးအနေဖြင့် လျှို့ဝှက်ချက် တစ်ခုတစ်လေကို ဖွင့်ချသင့်ကြောင်း ပူတင်က ဟာသနှော ပြောဆိုခဲ့သည်။

messenger

No comments:

Post a Comment

My Blog List