Monday, June 02, 2014

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ရန် ခွင့်ပြုနေသလား


ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံပိုင်မီဒီယာများကို အသွင်ပြောင်းရန် ကြိုးပမ်းနေသော အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေသည် သွယ်ဝိုက်အားဖြင့် ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်ရန် ခွင့်ပြုသောဥပဒေ မဖြစ်သင့်ကြောင်းနှင့် ထိုဥပဒေသည် နိုင်ငံပိုင် မီဒီယာများသာ မကဘဲ နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သင့်ကြောင်း စာနယ်ဇင်းသမားများက အကြံပြု ပြောကြားခဲ့သည်။

မေ ၃၁ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သော ‘အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း’ နှင့်စပ်လျဉ်းပြီး ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာနယ်ဇင်းသမားများ၏ ညှနှိုင်းအစည်းအဝေး၌ စာနယ်ဇင်းသမားများက ယင်းကဲ့သို့ အကြံပြုပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သော ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၏ ရှင်းလင်းမှုတွင် အစိုးရ၏ မီဒီယာကဏ္ဍ ရည်မှန်းချက် ပြည့်မီစေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိသတင်းအချက်အလက်များ ရရှိမှု အခြေအနေ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာကို ပုံဖော်မည့် အခြေခံမူများ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာသို့ ပြောင်းလဲခြင်း ရည်ရွယ်ချက်၊ အကျိုးကျေးဇူး အစရှိသဖြင့် အကျယ်တဝင့် ပါဝင်ခဲ့သည်။

ဦးအောင်ကြည်၏ ပြောဆိုချက်အရ အစိုးရအနေဖြင့် နိုင်ငံပိုင် မီဒီယာများကို ဆက်လုပ်ရန် မသင့်တော့ဘဲ မီဒီယာဗဟုဝါဒသို့ သွားရောက်လိုသဖြင့် နိုင်ငံပိုင်မီဒီယာများကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲရန် ရည်ရွယ်ခြင်းဟု ဆိုသည်။

အခြေခံအားဖြင့် နိုင်ငံပိုင်မီဒီယာများကို အသွင်းပြောင်းမည့် အများပြည်သူဝန်ဆောင်မှု မီဒီယာကို အကောင်အထည်ဖော်မည် ဆိုပါက လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် အဆိုပါ မီဒီယာအတွက် ဘတ်ဂျက် ရာခိုင်နှုန်း ၇ဝ ကို ပြည်သူ့ဘဏ္ဍာငွေမှတစ်ဆင့် ထောက်ပံ့ပေးရမည်ဖြစ်ကာ ကျန်ရာခိုင်နှုန်း ၃ဝ အား ကြော်ငြာ၊ နိုင်ငံတကာ ထောက်ပံ့ငွေများနှင့် သတင်းစာရောင်းရငွေများမှ ရရှိမည်ဖြစ်သည်။

“ပြန်ကြားရေးဝန်ကြီးပြောတဲ့ အထဲမှာ ဖော်ပြထားတာ ရှိပါတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဟာ ထိန်းချုပ်မှုကင်းပြီး လွတ်လပ်တဲ့မီဒီယာအသွင် ဆောင်မယ်ပေါ့။ ဒါပေမဲ့ မီဒီယာတစ်ခုလုံး လည်ပတ်မယ့်နေရာမှာ ဘဏ္ဍာရေး အရင်းအမြစ်က အရေးကြီးဖြစ်ပါတယ်။ ဒါရဲ့ ရာခိုင်နှုန်း ၇ဝ ကို လွှတ်တော်ကတစ်ဆင့် နိုင်ငံတော်ဘတ်ဂျက် ရယူသုံးစွဲမယ်ဆိုတဲ့ အချက်ကြောင့် ဒါဟာ လုံးဝလွတ်လပ်တဲ့ မီဒီယာဖြစ်လာဖို့ ခက်ခဲပါတယ်” ဟု မြန်မာသတင်းဆရာ သမဂ္ဂမှ ဦးဇော်သက်ထွေးက ပြောကြားသည်။

“နောက်တစ်ခုက အများပြည်သူ ဝန်ဆောင်မှုပေးမယ်ဆိုရင် NGO အသွင် ဆောင်နေရပါမယ်။ ဒါပေမဲ့ ကြော်ငြာငွေတွေကိုလည်း ယူမယ်။ နိုင်ငံတကာ အထောက်အပံ့ငွေတွေကိုလည်း ယူမယ်။ နိုင်ငံတော် ဘတ်ဂျက်ကလည်း ယူနိုင်တယ်ဆိုတဲ့ အခါမှာ ကျွန်တော်တို့ ပုဂ္ဂလိက မီဒီယာတွေ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါ့ မလား။ ဒါဆိုရင်ရော ပုဂ္ဂလိက အခန်းကဏ္ဍကို အားပေးအားမြှောက်ပြုနေတဲ့ ဒီမိုကရေစီ တိုင်းပြည်တစ်ခု အနေနဲ့ ဝိရောဓိ ဖြစ်လာနိုင်သလားဆိုတာ ပြန်ပြီးစဉ်းစား သုံးသပ်စေချင်ပါတယ်” ဟု ဦးဇော်သက်ထွေးက ဆက်လက်ပြောကြားသည်။

ဦးအောင်ကြည်၏ ရှင်းလင်းမှုအပြီးတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းအပေါ် စာနယ်ဇင်းသမားများ၏ သဘောထားကို ပြောကြားသည်။

“အခြေခံမူတွေကို ဘာမှပြောစရာ မရှိဘူး။ ဒါပေမဲ့ ဒီမှာ ဘာပြောစရာရှိလဲဆိုတော့ ဥပဒေပါ အဓိပ္ပာယ် ဖွင့်ဆိုချက်က နိုင်ငံပိုင်မီဒီယာတွေကိုပဲ အများပြည်သူဝန်ဆောင်မှုမီဒီယာ လုပ်ခွင့်ပြုမယ်ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ စဉ်းစားသုံးသပ်ဖို့ လိုပါလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားအခွင့်အရေး ရှိပါတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့်ဟာ နိုင်ငံသားတိုင်းမှာ ရှိသင့်ပါတယ်” ဟု ဦးကျော်မင်းဆွေက ဆိုသည်။

ထို့အတူ ယူနက်စကို အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်ရေး တွေ့ဆုံချိန်တွင်လည်း အများပြည်သူဝန်ဆောင်မှု မီဒီယာအပေါ် ၎င်းတို့၏ အကြံပြုချက်များမှာ တိတိကျကျ မရှိကြောင်း ဦးကျော်မင်းဆွေက ပြောကြားသည်။

ဘယ်လိုပဲ အသွင်ပြောင်းတယ်လို့ဆိုဆို လက်ရှိဒီမိုကရေစီ အစိုးရခေတ်မှာ နိုင်ငံပိုင် သတင်းစာတွေ မရှိသင့်ဘူးလို့ ဝေဖန်နေတာကို တစ်နည်းတစ်လမ်းဖြင့် ခေါင်းစဉ်ပြောင်းပြီး ပြချင်လို့ လုပ်မယ့်သဘောမျိုးလို့ပဲ ထင်ပါတယ်။ ခေတ်စကားနဲ့ ပြောမယ်ဆိုရင် ကုလားကြီးနဲ့ အရာကြီးပုံစံမျိုး ရောက်သွားမယ့်သဘောမျိုးလို့ပဲ . . . . . 

“နိုင်ငံတကာကို ကျွန်တော်တို့ လေ့လာတဲ့အခါ အများပြည်သူဝန်ဆောင်မှု ရုပ်သံဥပဒေပဲ တွေ့ပါတယ်။ နိုင်ငံတကာမှာလည်း ရေဒီယိုနဲ့ အရုပ်အသံလွှင့်ဌာနတွေပဲ အများပြည်သူဝန်ဆောင်မှု လုပ်ပါတယ်။ တွေ့တဲ့အခါမှာလည်း စံနှုန်းတွေ သတ်မှတ်ထားပါတယ်။ သူက သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ညီတဲ့ မည်သူမဆို အများပြည်သူဝန်ဆောင်မှု ရုပ်သံလုပ်ငန်း လုပ်ခွင့်ရှိပါတယ်။ နိုင်ငံပိုင် မီဒီယာမှတစ်ပါး အခြားသူ လုပ်ခွင့်မရှိဘူးဆိုပြီး ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဲဒါမပါပါဘူး” ဟု ဦးကျော်မင်းဆွေက ဆက်လက်ပြောကြားသည်။

အများပြည်သူ ဝန်ဆောင်မှု ရုပ်သံမီဒီယာလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိသော ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေအစရှိသော နိုင်ငံများမှာပင် ပုံနှိပ်လုပ်ငန်းများတွင် အစိုးရက ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။ သို့သော် စောင်ရေအနည်းငယ်သာရှိသော သတင်းစာများကို အစိုးရက ထောက်ပံ့ပြီး မီဒီယာဗဟုဝါဒဖြစ်ရန် အားပေးလေ့ရှိသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်ရန် ပြင်ဆင်နေသော အများပြည်သူဝန်ဆောင်မှု မီဒီယာပုံစံမှာ နိုင်ငံပိုင်ပုံနှိပ်နှင့် ရုပ်သံမီဒီယာများကိုသာ အသွင်ပြောင်းမည့် ပုံစံဖြစ်နေပြီး မီဒီယာနယ်ပယ်၌ ပြည်သူ့ဘဏ္ဍာငွေဖြင့် အစိုးရက ဝင်ရောက်ချုပ်ကိုင်ကာ မီဒီယာဈေးကွက်ကို လက်ဝါးကြီးအုပ်မည့်ပုံသဏ္ဌာန် ဖြစ်နေသည်။

အများပြည်သူ ဝန်ဆောင်မှုဥပဒေကို လက်ရှိအခြေအနေများနှင့် ချိန်ထိုးစဉ်းစား သုံးသပ်ခြင်း မပြုဘဲ အတည်ပြုပါက ထိုဥပဒေသည် ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်ရန် တရားဝင် ခွင့်ပြုပေးလိုက်သကဲ့သို့ ဖြစ်လာနိုင်ကြောင်း The Daily Eleven သတင်းစာ၏ အမှုဆောင်အယ်ဒီတာ ကိုနေထွန်းနိုင်က ညှိနှိုင်းဆွေးနွေးပွဲ၌ တရားဝင် ပြောကြားသည်။

“ဒီမိုကရေစီနိုင်ငံတိုင်းမှာ အများပြည်သူဝန်ဆောင်မှု မီဒီယာနဲ့ ပတ်သက်လာရင် ရုပ်သံတွေပဲရှိတာ များပါတယ်။ ဒီဥပဒေကို ပြဌာန်းရင် ဘာဖြစ်လာနိုင်သလဲဆိုတော့ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှုကို တရားဝင် ခွင့်ပြုလိုက်သလားဆိုတဲ့အချက် ဖြစ်ပါတယ်” ဟု ကိုနေထွန်းနိုင်က ပြောကြားသည်။

“ကျွန်တော်တို့သိထားတဲ့ အချက်အလက်တွေအရ အခုလောလောဆယ်မှာ နိုင်ငံပိုင်မီဒီယာအနေနဲ့ ကြည့်မယ်ဆိုရင် ကြေးမုံက စောင်ရေရှစ်သောင်း ရှိပါတယ်။ မြန်မာ့အလင်းက စောင်ရေငါးသောင်း ရှိပါတယ်။ ဒီကာလမှာ ကျွန်တော်တို့ သိရတဲ့ အချက်အလက်တွေအရ အခု ဝန်ကြီးလည်း ရှိနေပါတယ်။ ပုံနှိပ်စက် သုံးလုံးကနေ ငါးလုံးအထိ (ပြန်ကြားရေးက) တင်ဒါခေါ်တယ် အောင်ထားတယ်။ 

အဲဒီ ပုံနှိပ်စက်တွေရဲ့ ဈေးနှုန်းကို ပြန်ကြည့်တဲ့အခါမှာ သတ်မှတ်ဈေးနှုန်းထက် ပိုနေတာတွေ တွေ့ပါတယ်။ ဥပမာအားဖြင့် စက်တစ်လုံးက အမေရိကန်ဒေါ်လာ ရှစ်သိန်းဝန်းကျင်ပဲရှိတဲ့စက်မှာ ပြန်ကြားရေးဝန်ကြီးဌာနမှာ တင်ဒါအောင်ထားတဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ တစ်သန်းကျော် ဖြစ်နေတာမျိုးတွေပေါ့။ တချို့စက်တွေဆိုရင် အမေရိကန်ဒေါ်လာ လေးငါးသိန်းလောက်နဲ့ ပြီးရမယ့်စက်က ဒေါ်လာသန်းကျော်ဖြစ်နေတဲ့ အခါကျတော့ အဲဒီကွာဟချက်မှာ ဘယ်လိုခြစားမှုတွေ၊ အလွဲသုံးစားမှုတွေ ရှိနေသလဲ။ ထိုင်းမှာဆိုရင် ထိုင်းရတ်သတင်းစာက တစ်နေရာထဲမှာပဲ ပုံနှိပ်ပါတယ်။ အချိန်ခွဲပြီး၊ မျက်နှာဖုံး ရှစ်မျိုးပြောင်းပြီး (နိုင်ငံအနှံ့) ဖြန့်ပါတယ်။ 

ဒါကို ဘာကြောင့်ပြောရသလဲဆိုတော့ ခုနပြောတဲ့ ပုံနှိပ်စက်ဆိုတာ အများပြည်သူဝန်ဆောင်မှု မီဒီယာ အတွက် ပြင်ဆင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲသလို ပြင်တဲ့အခါမှာ မလိုလားအပ်တဲ့ ကုန်ကျ စရိတ်တွေ၊ မလိုလားအပ်တဲ့ အသုံးစရိတ်တွေ ပေါ်လာတယ်။ ဥပဒေအရ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်သလို၊ ကောင်စီတွေ ရှုပ်ထွေးမှု ဖြစ်လာနိုင်သလို ငွေကြေးအားဖြင့်လည်း ထင်သာမြင်သာမရှိတဲ့ ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။ ဒီအချက်ကြောင့်မို့လို့ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကို စဉ်းစားတဲ့အခါ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားပြုမှုကို တရားဝင် ခွင့်ပြုသလို ဖြစ်နေမလား။ သွယ်ဝိုက်အားဖြင့် ခွင့်ပြုနေ သလားဆိုတဲ့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထင်ပါတယ်” ဟု ကိုနေထွန်းနိုင်က ဆက်လက်ပြောကြား သည်။

ကိုနေထွန်းနိုင်၏ ပြောကြားချက် မဆုံးခင်အချိန်တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေး မှူး ဦးစောလှထွန်းက ဥပဒေကြမ်းနှင့် ပတ်သက်သော အကြောင်းအရာကိုသာ ပြောဆိုရန်  သတိပေးခြင်း ရှိခဲ့ပြီး ဥပဒေကြမ်းနှင့် သက်ဆိုင်သဖြင့် ပြောကြားခြင်းသာ ဖြစ်သည်ဟု ကိုနေထွန်းနိုင်က တုံ့ပြန်ပြော ဆိုခဲ့သည်။

“ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို သွားနေတဲ့ကာလ ဖြစ်ပါတယ်။ အဲဒီကာလမှာ အခုလို အကျိုးအမြတ် အဓိကမထားဘဲ ထုတ်ဝေမယ်ဆိုတဲ့ အခါမှာ နှစ်စဉ် ဒီငွေက ကျွန်တော်တို့ အခုချိန်မှာ ပုဂ္ဂလိက သတင်းစာတွေလည်း ပေါ်နေတဲ့အတွက် ပြိုင်ဆိုင်မှု အများကြီးရှိမှာ ဖြစ်ပါတယ်။ သို့သော် ဒါကြီးက အရှုံးနှစ်တိုင်း ပေါ်နေမယ်ဆိုရင် ဒါကိုအမြဲတန်း နှစ်စဉ်နှစ်စဉ် လွှတ်တော်ကနေ ဘတ်ဂျက်နဲ့ ခွင့်ပြုပေးနေရမယ်ဆိုရင် ကြာရင် အုပ်ချုပ်တဲ့ အဖွဲ့တွေက သူ့ဘာသူ အရည်အချင်း ရှိရှိ၊ မရှိရှိ၊ မီဒီယာနဲ့ပတ်သက်လို့ သူ့မှာလုပ်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရှိ၊ မရှိရှိ ဆုံးရှုံးသွားလည်း လွှတ်တော်က ဘတ်ဂျက်ပေးမှာပဲဆိုတဲ့ ပုံစံနဲ့ပဲ အမြဲသွားနေရင် ကျွန်တော်တို့အနေနဲ့ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်နေတဲ့ ပုံစံမျိုး ရောက်သွားနိုင်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာန၌ အကြီးတန်းသတင်းထောက် လုပ်ကိုင်ခဲ့ဖူးသူ စာရေးဆရာ ဦးသွေးထက်က ညှိနှိုင်းဆွေးနွေးပွဲ၌ ပြောကြားသည်။

“ကျွန်တော်သိသလောက်တော့ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ အနေနဲ့ ပြောင်းလိုက်တဲ့ အနေအထားမှာ နိုင်ငံပိုင်မီဒီယာရဲ့ mechanism တစ်ခုလုံးကို ဒီခေါင်းစဉ်အောက်ကို သွားမယ့်သဘောမျိုးလို့ ကျွန်တော်တို့ အကြမ်းဖျင်း သိထားတယ်။ ဆိုလိုတာက လက်ရှိသတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက MD ဆိုလို့ရှိရင် အများပြည်သူဝန်ဆောင်မှု ဥပဒေ ပေါ်ပေါက်လာလို့ မီဒီယာလုပ်ငန်း သွားပြီဆိုရင် သူက CEO သဘောမျိုး သွားလုပ်မယ်လို့ သိရှိထားပါတယ်။ အဲဒီတော့ ဒါဟာ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် ဘယ်လိုပဲ အသွင်ပြောင်းတယ်လို့ဆိုဆို လက်ရှိဒီမိုကရေစီ အစိုးရခေတ်မှာ နိုင်ငံပိုင် သတင်းစာတွေ မရှိသင့်ဘူးလို့ ဝေဖန်နေတာကို တစ်နည်းတစ်လမ်းဖြင့် ခေါင်းစဉ်ပြောင်းပြီး ပြချင်လို့ လုပ်မယ့်သဘောမျိုးလို့ပဲ ထင်ပါတယ်။ ခေတ်စကားနဲ့ ပြောမယ်ဆိုရင် ကုလားကြီးနဲ့ အရာကြီးပုံစံမျိုး ရောက်သွားမယ့်သဘောမျိုးလို့ပဲ မြင်ပါတယ်” ဟု ဦးသွေးထက်ကဆိုသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်၏ အတွင်းရေးမှူး ဦးမြင့်ကျော်ကမူ ပြန်ကြားရေးဝန်ကြီး၏ တင်ပြချက်အရ လက်ရှိမြန်မာနိုင်ငံ၏ မီဒီယာပျံ့နှံ့မှု အခြေအနေတွင် သတင်းစာက ၈ ရာခိုင်နှုန်း၊ ရေဒီယိုက ၃၅ ရာခိုင်နှုန်း၊ ရုပ်မြင်သံကြားက ၂၃ ရာခိုင်နှုန်းနှင့် ဂျာနယ်နယ်က ၂ ရာခိုင်နှုန်းသာ ရှိခြင်းကြောင့် သတင်းစာကို အဘယ်ကြောင့် အများပြည်သူ ဝန်ဆောင်မှုအဖြစ် ပြောင်းလိုသနည်းဟု မေးခွန်းထုတ် လိုကြောင်း ပြောကြားသည်။

မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာချုပ် ဦးစိုးမြင့်က ပြန်ကြားရေးဝန်ကြီးဌာနက အသက်သွင်းရန် ကြိုးပမ်းနေသော အများပြည်သူဝန်ဆောင်မှု မီဒီယာအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်ကောင်းမွန်သည့်နည်းတူ လိုအပ်မှုရှိပြီး ရှိသင့်သည်ဟု ယူဆကြောင်း ပြောကြားသည်။ ထိုနောက် ဖြည့်စွက်အကြံပြုချက် ငါးချက်ကို ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးရဲမင်းဦးကမူ အစိုးရအနေဖြင့် လက်ရှိရှိထားပြီးသော ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများကိုသာ တိုင်းပြည်အတွက် ပိုကောင်းအောင် လုပ်သင့်ပြီး အများပြည်သူဝန်ဆောင်မှု သတင်းစာ လုပ်မည်ဆိုပါက ကြော်ငြာမထည့်သင့်ကြောင်း ပြောကြားသည်။

စာနယ်ဇင်းသမားများ၏ အကြံပြု ဆွေးနွေးမှုအပေါ် ဦးအောင်ကြည်က ပြန်လည်ပြောကြားရာ၌ နိုင်ငံတကာတွင် အများပြည်သူဝန်ဆောင်မှုမီဒီယာ မရှိခြင်းမဟုတ်ဘဲ မအောင်မြင်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က မီဒီယာဥပဒေများနှင့် ပတ်သက်ပါက လွှတ်တော်က အလေးထား ဆောင် ရွက်နေကြောင်းနှင့် အပြန်အလှန် ဆွေးနွေးမှုများဖြင့် အကောင်းဆုံးနှင့် အမှန်ဆုံးဖြစ်ရန် လုပ်ဆောင်ပြီး လွှတ်တော်သို့ တင်ပြမည်ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သော အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ညှိနှိုင်းဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေး သတင်းရယူရန် DVB သတင်းဌာန လာရောက်ခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးပွဲသို့ ဝင်ရောက်ခွင့် မပြုခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List