Wednesday, June 04, 2014

မြန်မာလက်ရွေးစင်ဟောင်း စိုးမြတ်မင်းကို ကမ္ဘောဇအသင်း နည်းပြချုပ် အဖြစ် ခန့်အပ်


မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကမ္ဘောဇအသင်းက ၂၀၁၄ ခုနှစ် ဘောလုံးရာသီ၏ ဒုတိယ ရာသီဝက်တွင် အသင်း၏ နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း စိုးမြတ်မင်းကို ခန့်အပ်လိုက်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောကြားသည်။ 

စိုးမြတ်မင်းသည် ယခင်က ကမ္ဘောဇလူငယ်အသင်းနည်းပြတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ရာ အသင်းတာဝန် ရှိသူ များက အသင်းကြီးတွင် ပြောင်းလဲတာဝန်ယူရန် ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ၄င်းက ပြောဆိုသည်။

ယခုနှစ် ဘောလုံးရာသီအစက ခန့်အပ်ခဲ့သည့် နည်းပြချုပ် ဦးသန်းထိုက် တာဝန်ယူခဲ့သည့် အချိန်တွင် ရလဒ်များ ဆိုးရွားမှုကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ပြီး လူငယ်အသင်း နည်းပြအဖြစ် တာဝန် ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လစ်လပ်ခဲ့သော နည်းပြချုပ်ရာထူးကို နည်းပြအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် မြန်မာ လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးမင်းဇော်ဦးက ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ကြောင်း၊ ယခုနှစ် ဘောလုံးရာသီအတွက် သုံးဦးမြောက် နည်းပြချုပ်အဖြစ် စိုးမြတ်မင်းကို ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဦးမင်းဇော်ဦး ကိုလည်း လက်ထောက် နည်းပြအဖြစ် ဆက်လက် တာဝန်ပေးထားကြောင်း ကမ္ဘောဇအသင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာလက်ရွေးစင်ဟောင်း စိုးမြတ်မင်းသည် မြန်မာအသင်းအတွက် နိုင်ငံတကာပွဲပေါင်း ၁၅၀ ကျော် ကစားပေးထားပြီး ၅၉ ဂိုး သွင်းယူပေးထားသော ကစားသမားတစ်ဦး ဖြစ်သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ယူ-၂၃ လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ ရပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မြန်မာ့ လက်ရွေးစင်အသင်း အတွက် ကစားပေးခဲ့သူ ဖြစ်သည်။

စိုးမြတ်မင်းသည် မြန်မာနိုင်ငံတွင် ၂၀၀၈ခုနှစ်က အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် Myanmar GrandRoyal Challenge Cup ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းကို HAT-Trick သွင်း ယူနိုင်ခဲ့သည့် ပြိုင်ပွဲတွင် လူသိများခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

လက်ရှိအချိန်၌ ကမ္ဘောဇအသင်း နည်းပြချုပ်ရာထူး အပြင် မြန်မာ့လက်ရွေးစင် အသင်း၏ လက်ထောက် နည်းပြအဖြစ် တာဝန်ယူထားသည့် စိုးမြတ်မင်းသည် အာရှ ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု နည်းပြ လိုင်စင် (C) သာ ရရှိထားသူဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List