Tuesday, June 03, 2014

အာဖဂန်နစ္စတန်တွင် ဖမ်းဆီးခံထားရသော အမေရိကန်တပ်သား ပြန်လည်လွတ်မြောက် ဂွမ်တာနာမို အကျဉ်းစခန်းမှ တာလီဘန်အကျဉ်းသား ငါးဦးဖြင့် အလဲအလှယ်လုပ်ခဲ့ခြင်းဖြစ်


လွန်ခဲ့သော ငါးနှစ်ခန့်က အာဖဂန်နစ္စတန်တွင် ဖမ်းဆီးခံခဲ့ရသော အမေရိကန် စစ်သားတစ်ဦး ပြန်လည် လွတ်မြောက်လာခဲ့ကြောင်းနှင့် ထိုကဲ့သို့လွတ်မြောက်ရန် ဂွမ်တာနာမို အကျဉ်းစခန်းတွင် ဖမ်းဆီးထားသော တာလီဘန် ငါးဦးကို အလဲအလှယ်အနေဖြင့် လွှတ်ပေးခဲ့ရကြောင်း CNA သတင်းဌာနတွင် ဖော်ပြ ထားသည်။

အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီး ဘော့ဘာ့ဂ်ဒဲလ်နှင့် တာလီဘန် အကျဉ်းသားငါးဦးကို အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းတစ်နေရာတွင် လဲလှယ်ခဲ့ခြင်း ဖြစ်ပြီး ထိုအကျဉ်းသားလဲလှယ်မှုကို ကာတာနိုင်ငံက ကြားခံ အနေဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

တပ်ကြပ်ကြီး ဘော့ဘာ့ဂ်ဒဲလ်သည် တာလီဘန်တို့လက်မှ လွတ်မြောက်လာသည့် အချိန်တွင် ကျန်းကျန်း မာမာရှိသည်ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

တပ်ကြပ်ကြီး ဘော့ဘာ့ဂ်ဒဲလ် အာဖဂန်နစ္စတန်မှ ပြန်လည် လွတ်မြောက်လာအောင် ကူညီဆောင်ရွက် ပေး ခဲ့သည့် ကာတာစော်ဘွား ရှိတ်ခ်တာမင်ကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ကြေညာခဲ့သည်။

တပ်ကြပ်ကြီး ဘော့ဘာ့ဂ်ဒဲလ်သည် အာဖဂန်နစ္စတန် စစ်ပွဲအတွင်း တာလီဘန်တို့၏ ဖမ်းဆီးခြင်းကို ခံထားရသည့် တစ်ဦးတည်းသော အမေရိကန်စစ်သား ဖြစ်သည်။

တပ်ကြပ်ကြီးဘာ့ဂ်ဒဲလ် လွတ်မြောက်ရေးအတွက် ယခင်ကလည်း တာလီဘန်တို့နှင့် အကျဉ်းသားချင်း လဲလှယ်ရန် ကြိုးစားခဲ့ဖူးသော်လည်း ထိုစဉ်က အောင်မြင်မှု မရရှိခဲ့ဘဲ ယခုတစ်ကြိမ်တွင်မှ ကာတာနိုင်ငံ၏ ကြားဝင် ဆောင်ရွက်မှုဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဘာ့ဂ်ဒဲလ်သည် ၂၀၀၉ ခုနှစ် ဇွန်လအတွင်းက အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ စစ်စခန်းတစ်ခုမှ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် တာလီဘန်တို့က ၎င်းတို့ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ကြေညာခဲ့သည်။

တပ်ကြပ်ကြီးဘာ့ဂ်ဒဲလ် ပြန်လည် လွတ်မြောက်လာအောင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိ သည်ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့ပြီး ဘာ့ဂ်ဒဲလ်၏ မိဘများကလည်း ၎င်းတို့၏သား ယခုလို ကျန်းကျန်းမာမာနှင့် ပြန်လည် လွတ်မြောက်လာသည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

သို့သော် ဘာ့ဂ်ဒဲလ် လွတ်မြောက်သည့်သတင်း အများပြည်သူကြား ပျံ့နှံ့သွားပြီးနောက် မကြာမီမှာပင် အမေရိကန်သမ္မတ အိုဘားမားမှာ တာလီဘန်တို့နှင့် အကျဉ်းသားချင်း လဲလှယ်ခဲ့ခြင်းအတွက် ဝေဖန်မှု များနှင့် ရင်ဆိုင်ခဲ့ရသည်။

အမေရိကန် နိုင်ငံရေးလောကတွင် သြဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ရီပတ်ဘလစ်ကန်အမတ် ဂျွန်မက်ကိန်းက တပ်ကြပ်ကြီး ဘာ့ဂ်ဒဲလ် လွတ်မြောက်လာခြင်းကို ကြိုဆိုသော်လည်း ယခုကဲ့သို့ တာလီဘန် တို့နှင့် အကျဉ်းသားချင်း လဲလှယ်ခြင်းမှာ အကြမ်းဖက်မှုများကို အားပေးသော လုပ်ရပ်ဟု ဝေဖန်ပြောကြား ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List