Thursday, June 05, 2014

ပုပ်ရဟန်းမင်း ခရီးစဉ်နှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေး



“ငြိမ်းချမ်းရေး အရှင်သခင် ယေရှုခရစ်တော်၏ ဟောသည်မွေးရပ်မြေတွင် သင်တို့ကို ကျွန်ုပ် ဖိတ်မန္တကပြုပါ၏။ အို... ပါလက်စတိုင်း သမ္မတနှင့် အစ္စရေးသမ္မတတို့၊ သင်တို့ နှစ်ဦးသည် ကျွန်ုပ်နှင့်အတူ ဘုရားသခင် ထံတော်ပါးတွင် ငြိမ်းချမ်းရေး ဆုမြတ် ပေးသနားတော်မူစေကြောင်း ရင်ထဲအသည်းထဲမှ ဆုတောင်းကြမည်။ ဤသို့ ဆုတောင်းကြရန် အတွက် ဗာတီကန်ရှိ ကျွန်ုပ်၏ နေရာရင်းသို့ နှစ်ဦးစလုံး ကြွရောက်ပါရန်လည်း ဖိတ်ကြားအပ်ပါသည်။ 
ငြိမ်းချမ်းရေးတည်ဆောက်ခြင်းမှာ ခက်ခဲသည့် လုပ်ငန်းကြီး ဖြစ်ပါသည်။ သို့သော် ငြိမ်းချမ်းရေး ကင်းမဲ့လျှင် စိတ်၏ ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်းဒဏ်ကို အလူးအလဲခံစားနေကြရသည် ဖြစ်သဖြင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရပါမည်။”

(၂၀၁၄ ခု မေလ ၂၅ ရက် ပါလက်စတိုင်း ဗက်သလင်ဟန် လူထုဆုတောင်းပွဲတွင် မိန့်ကြားသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မိန့်ခွန်းမှ)

အစ္စရေး-ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေး ရောင်ခြည်မှာ ကြာလေ မှေးမှိန်လေ ဖြစ်လာခဲ့သည်။ ပြီးခဲ့သော လကပင် ငြိမ်းချမ်းရေး ကြားဝင်ဖျန်ဖြေနေသော အမေရိကန်များက ထိုစေ့စပ်ရေးလုပ်ငန်းကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ အစ္စရေး အစိုးရကတော့ ပါလက်စတိုင်းအဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ဖာတာအဖွဲ့နှင့် ဟားမာ့စ်အဖွဲ့တို့ ပူးပေါင်းရန် စီစဉ်နေသည့် သတင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရပ်မည်ဟု တစ်ဖက်သတ် ကြေညာပြန်သည်။ ထိုသို့ မျှော်လင့်ချက် မှေးမှိန်ပြီး ပေါက်ပြဲစုတ်ပြတ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းထဲသို့ ပုဂ္ဂိုလ်တစ်ဦး မမျှော်လင့်ဘဲ ဝင်ရောက်လာလေသည်။ ထိုပုဂ္ဂိုလ်မှာ ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ပင်ဖြစ် သည်။

ပုပ်ရဟန်းမင်းသည် မိမိဇာတိ အာဂျင်တီးနားမှ ဘာသာရေး ခေါင်းဆောင်များ ဖြစ်သော ရဟူဒီဘုန်းကြီးတစ်ပါး၊ မွတ်ဆလင် ရှိတ်အကြီးအကဲနှင့်အတူ သာသနာ့ အထွတ်အမြတ်မြေသို့ သုံးရက်ကြာ ခရီးစဉ် ထွက်လာခဲ့သည်။ ယင်းခရီးစဉ်မှာ ဘုရားဖူးခ ရီးစဉ်သာမက သမိုင်းဝင် ငြိမ်းချမ်းရေး ခရီးစဉ်ကြီး ဖြစ်နေလေသည်။ ပထမနေ့ ဂျော်ဒန်နိုင်ငံကို ဆိုက်ရောက်သည်နှင့် သူသည် ဂျော်ဒန်ရှိ ဆီးရီးယား ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားသည်။ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ၏ ကြိုဆိုပွဲတွင်လည်း ပုပ်ရဟန်းမင်းက “ဆီးရီးယား အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို တရားမျှတစွာ ဖြေရှင်းရေး” များ တိုက်တွန်းလိုက်လေသည်။

သတင်းစာအချို့ကတော့ ဤခရီးစဉ်ကို ဘာသာရေး အထွတ်အမြတ်ဒေသ တစ်ကြောမှာ လေပွေမွှေ့သွားခြင်းဟုပင် ခေါ်ကြသည်။ ပုပ်ရဟန်းမင်း၏ ၃၆ နာရီကြာ ခရီးစဉ်တွင် ဂျော်ဒန်မှတစ်ဆင့် ယေရှုခရစ်တော် ဖွားမြင်တော်မူရာ ဗက်သလင်ဟန်ကို ကူးဝင်သလို ယေရှုခရစ်တော် နှစ်ခြင်းမင်္ဂလာ ခံယူရာ ဂျော်ဒန်မြစ်ကိုလည်း သွားသည်။ ဂျေရုဆလင်မြို့ရှိ ယေရှုခရစ်တော် နောက်ဆုံးညစာ စားသုံးတော် မူခဲ့သော စင်နီကယ် ခန်းမဆောင်တွင်လည်း ဆုတောင်းပွဲ လုပ်သည်။ အင်အားအကောင်းဆုံး ခရစ်ယာန်ဂိုဏ်းကြီး နှစ်ခုဖြစ်သည့် ရိုမန်ကက်သလစ်နှင့် သြသိုဒေါ့စ်ဂိုဏ်းကြီးနှစ်ခု တွေ့ဆုံခြင်း နှစ် ၅၀ အထိမ်းအမှတ်အဖြစ် ဂျေရုဆလင် သြသိုဒေါ့စ် ဂိုဏ်းချုပ်မထေရ်ကြီးနှင့် တွေ့ဆုံ၍ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်သည်။ ထိုမျှမက ရဟူဒီဂိုဏ်းချုပ် ဘုန်းကြီးများကို တွေ့ဆုံခြင်းနှင့် ဂျူးတို့ အထွတ်အမြတ်ထားရာ “ပစ္ဆိမတံတိုင်းကြီး” သို့လည်း သွားရောက် အလေးအမြတ် ပြုခဲ့လေသည်။

ပုပ်ရဟန်းမင်း၏ ခရီးစဉ်သည် ဘာသာရေးအရ လှည့်လည်ခြင်း ဖြစ်သော်လည်း နိုင်ငံရေးက ပိုလွှမ်းနေသည်။ အထူးသဖြင့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဝင်္ကပါကြီးထဲတွင် ကြားဝင်၍ သံတမန်ရေး ဆောင်ရွက်လိုသည့် အရိပ်အယောင်က ပိုလွှမ်းနေသည်။ သူသည် တရားဝင်ရော တရားမဝင်ပါ ရောက်ရှိနေသော ဆီးရီးယား စစ်ပြေးဒုက္ခသည် ၁ ဒသမ ၃ သန်းကို လက်ခံထားသော ဂျော်ဒန်ဘုရင်ကို ချီးမွမ်းသည်။ အစ္စရေးနိုင်ငံရှိ ဒုတိယကမ္ဘာစစ်အတွင်း အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသော ဂျုးလူမျိုးများ အထိမ်းအမှတ်ပြတိုက်သို့ သွားရောက်ခဲ့သလို ခေတ်သစ် ဇီယွန်ဝါဒကို အုတ်မြစ်ချခဲ့သော သီအိုဒိုဟာဇဲလ်၏ ဂူသင်္ချိုင်းတွင်လည်း လွမ်းသူ့ပန်းခွေချသည်။ ဤခရီးစဉ်တွင် အထူးခြားဆုံး လုပ်ရပ်မှာ ၆ နာရီကြာ ဗက်သလင်ဟန်မြို့တွင် ရောက်ရှိနေစဉ်အတွင်း ပါလက်စတိုင်း သမ္မတ မာမွတ်အဘာ့စ်နှင့် ဆွေးနွေးခြင်း၊ အစ္စရေး သိမ်းပိုက်မှုကြောင့် အထူးတလည် ဒုက္ခရောက်နေသည့် မိသားစုများနှင့်အတူ နေ့လယ်စာ သုံးဆောင်တော်မူခြင်း၊ ၁၉၄၈ ကတည်းက ဂျေရုဆလင်မှ ထွက်ခွာလာသည့် Deisheh အနီး ဒုက္ခသယ်စခန်းမှ ကလေးငယ်တို့၏ လွမ်းတေး သီချင်းသီဆိုပွဲကို တက်ရောက်နားဆင်ခြင်းများ ပြုလေသည်။

ထိုလုပ်ဆောင်ချက်များတွင် ၆ မီတာမြင့်သော ကွန်ကရစ်တံတိုင်းကြီးသို့ သွားရောက် ဆုတောင်းသည့် အချက်မှာလည်း ထူးခြားလှသည်။ ဗက်သလင်မြို့နှင့် ဂျေရုဆလင်အကြား ကြီးမားသော တံတိုင်းကြီး ဆောက်လုပ်ခြင်းမှာ ပါလက်စတိုင်းတို့အတွက် ထွက်ပေါက်မျိုးစုံ ပိတ်သွားပြီး ကံဆိုးမိုးမှောင် ကျစေခဲ့သဖြင့် ထိုတံတိုင်းပေါ်တွင် အစ္စရေးဆန့်ကျင်ရေး စာတမ်းမျိုးစုံ ရုပ်ပုံမျိုးစုံ ရေးဆွဲထားခဲ့သည်။ စာတမ်းတစ်ခုမှာ “တပည့်တော်တို့အတွက် ဝင်ရောက် ပြောကြားပေးမယ့်သူ လိုအပ်နေပါသည်ဘုရား” ဖြစ်သဖြင့် ပုပ်ရဟန်းမင်း ဖတ်စေလိုသည့် စာတမ်းဖြစ်သည်။ ထိုတံတိုင်းကြီးကို ပုပ်ရဟန်းမင်းက လက်ဝါးနှစ်ဖက်သာမက နဖူးဖြင့်လည်း ထိ၍ ဆုတောင်းခဲ့လေသည်။

ပုပ်ရဟန်းမင်းက သမ္မတနှစ်ဦးကို ဗာတီကန်သို့ လာ၍ သူနှင့်အတူ ဆုတောင်းကြရန် ဖိတ်ခေါ်လိုက်သောအခါ သမ္မတနှစ်ဦးစလုံးက လိုလိုလားလား လက်ခံကြသည်။ ပါလက်စတိုင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူကတော့ ထိုသို့ ဗာတီကန်သို့ သွားမည့်ခရီးကို လာမည့် ဇွန်လ ၆ ရက်တွင် ဖြစ်ဖွယ်ရှိကြောင်း ပြောကြားလေသည်။ အကဲခတ်များကတော့ ဤကိစ္စမှာ ပြောသလောက် လွယ်ကူမည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော် အစ္စရေးသမ္မတ ရှိမွန်ပဲရစ်စ်တွင် မည်သည့် အာဏာမျှ မရှိသလို လက်ရှိ အစိုးရပေါ်၌လည်း သြဇာ မညောင်းကြောင်း၊ ထို့ပြင် သူ၏ သမ္မတသက်တမ်း ကလည်း ဘာမှ မကျန်တော့ကြောင်းများကို ထောက်ပြသည်။ အစ္စရေး လက်ရှိ ဝန်ကြီးချုပ် နေတန်ညာဟုဘက်မှ ဤကိစ္စကို ရေငုံနှုတ်ပိတ်လုပ်နေသည်ကို ကြည့်ရုံဖြင့် နှစ်ဖက်ငြိမ်းချမ်းရေး ချောချောမောမော ပေါ်ထွက်စရာ မရှိဟု ဆိုကြသည်။

ဤခရီးစဉ်တွင် ပုပ်ရဟန်းမင်းက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို တရားမျှတစွာ ဖြေရှင်းဖို့ ဆော်သြခဲ့သလို ကုလသမဂ္ဂ အဖွဲ့ကြီးမှ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အကဲခတ်အဆင့် နေရာပေး၍ ညီလာခံ တက်ရောက်ခွင့် ပြုခဲ့သော ၂၀၁၂ ခု ဆုံးဖြတ်ချက်ကို သူထောက်ခံကြောင်းလည်း ကြေညာခဲ့သည်။ ပုပ်ရဟန်းမင်းက အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံသည် နိုင်ငံတကာ အသိအမှတ် ပြုထားသည့် နယ်နိမိတ်များအတွင်း နိုင်ငံရပ်တည်ခွင့်၊ ငြိမ်းချမ်းစွာ နေထိုင်ခွင့်၊ လုံခြုံမှု အပြည့်အဝ ခံစားခွင့်စသည့် အခွင့်အရေး အားလုံးကို အသိအမှတ် ပြုကြရန်လည်း တိုက်တွန်းခဲ့လေသည်။ ထို့ကြောင့် “ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြ”၊ “အမုန်းကို အချစ်အဖြစ် ပြောင်းကြ” ဟု ကြွေးကြော်ခဲ့လေသည်။

အားလုံး သိကြသည့်အတိုင်း ဒုတိယကမ္ဘာစစ် ပြီးချိန်တွင် ပါလက်စတိုင်း လူမျိုး ၁ ဒသမ ၃ သန်းနှင့် ဂျူးလူမျိုး ၆ ဒသမ ၅ သိန်းရှိသော ပါလက်စတိုင်း ဒေသကို ဗြိတိသျှက ထိန်းချုပ်နိုင်ခဲ့သည်။ ၁၉၄၇ တွင် ဤဒေသမှ ဗြိတိသျှတပ်များ ဆုတ်ခွာသည်နှင့် အစ္စရေးနှင့် အာရပ်များ စစ်ဖြစ်ကြတော့သည်။ ဤစစ်ပွဲတွင် အစ္စရေးဘက်က အနိုင်ရရှိပြီး ဂျူးနယ်မြေသည် နှစ်ဆ ပိုကျယ်လာသလို အစ္စရေးနိုင်ငံ အဖြစ်လည်း ၁၉၄၈ တွင် ကြေညာခဲ့လေသည်။ ထိုစစ်ပွဲတွင် ပါလက်စတိုင်း နယ်မြေတချို့ ဂျူးများလက်သို့ ရောက်ရှိသွားရုံမက အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံများကလည်း ဖဲ့ယူသွားကြသည်။ ပါလက်စတိုင်း ဒုက္ခသည် ပြဿနာမှာ ထိုအချိန်ကတည်းကပင် စတင်ခဲ့လေသည်။ ၁၉၆၇ ခု ဇွန်လတွင် ဖြစ်ပွားသော ခြောက်ရက်စစ်ပွဲတွင်တော့ အစ္စရေး သိမ်းပိုက်နယ်မြေမှာ အလွန်တရာ ကျယ်ပြောလာပြီး ပါလက်စတိုင်းတို့၏ လက်ကျန်ဌာနေ ဖြစ်သော (ဂျော်ဒန်မြစ်) အနောက်ဘက်ကမ်းနယ် မြေကြီးနှင့် ဂါဇာကမ်းမြှောင် နယ်မြေများလည်း အစ္စရေးလက်အောက် ရောက်ကာ ဂျော်ဒန်မြစ်ဝှမ်း တစ်လျှောက်လုံး အစ္စရေး စစ်စခန်းများဖြင့် ပြည့်သွားလေတော့သည်။ သို့ဖြင့် ၁၉၄၇ နောက်ပိုင်း အစ္စရေးနှင့် အာရပ်များအကြား ဖြစ်ပွားသော စစ်ပွဲ ခြောက်ကြိမ် အပြီးတွင် ဂျူးသုံးသန်းခန့်သည် အာရပ် နှစ်သန်းနေထိုင်ရာ နယ်မြေကြီးကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အနေအထားကို ရောက်ရှိလာလေသည်။

၁၉၉၁ ခုတွင် ပါလက်စတိုင်းနှင့် အစ္စရေးအကြား ပထမဆုံး ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲကို စပိန်၌ ပြုလုပ်သည်။ ကံကောင်းချင်တော့ အမေရိကန်သမ္မတ ကလင်တန်၏ ပေါ်လစီကလည်း အချုပ်အခြာပိုင် ပါလက်စတိုင်း နိုင်ငံတော်အဖြစ် အစ္စရေး၏ နိုင်ငံတည်ရှိမှုနှင့် လုံခြုံရေးကို အာမခံရေး မူဝါဒ ဖြစ်နေသည်။ ၁၉၉၂ မှာတော့ အာရပ်များနှင့် စေ့စပ်ဆွေးနွေးရန် ထက်သန်သော ယစ်ဇတ်ရာဘင် ဦးဆောင်သော လစ်ဘရယ်ညွန့်ပေါင်း အစိုးရတက်လာသည်။ ၁၉၉၃ တွင် အော်စလို ငြိမ်းချမ်းရေး သဘောတူချက် ပေါ်ထွက်လာပြီး အစ္စရေး၏ ထိန်းချုပ်မှု လျော့လာသလို ဂါဇာနှင့် အနောက်ဘက် ကမ်းဒေသများကို ပါလက်စတိုင်းအစိုးရ နီးနီး အုပ်ချုပ်ခွင့်များ ရရှိလာခဲ့လေသည်။

၁၉၉၅ တွင်တော့ ဝန်ကြီးချုပ် ရာဘင် အလုပ်ကြံခံလိုက်ရပြီး ငြိမ်းချမ်းရေး မှေးမှိန်သွားပြန်သည်။ နောက်တက်သော ဝန်ကြီးချုပ်သစ် နေတန်ညာဟုမှာ ရှေးရိုးစွဲ ဝါဒီဖြစ်ပြီး ပါလက်စတိုင်းများအား လွတ်လပ်ရေးပေးရန် ကိစ္စကို လုံးဝ ငြင်းပယ်ကာ သိမ်းပိုက်ထားသော ပါလက်စတိုင်း အနောက်ဘက်ကမ်း နယ်မြေများတွင် ဂျူးအခြေချအိမ်ရာများ စတင် ဆောက်လုပ်လေတော့သည်။

၂၀၀၄ ခုတွင် ပါလက်စတိုင်း ခေါင်းဆောင် ယာဆာအာရာဖတ် ကွယ်လွန်ပြီး အလယ်အလတ် ဝါဒီတစ်ဦး သမ္မတ ဖြစ်လာသလို အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်ကလည်း အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှုများမှ ငြိမ်းချမ်းရန်အတွက် ဤဒေသတွင် နှစ်နိုင်ငံထူထောင်ရေး ပေါ်လစီ ချမှတ်ထားလေသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်လာပြီး အစ္စရေးတပ်များ ဂါဇာဒေသမှပင် ဆုတ်ခွာလာကြသည်။ သို့သော် ငြိမ်းချမ်းရေး ရောင်ခြည်မှာ ကြာကြာမခံပေ။ ၂၀၀၆ တွင် အစ္စရေးစစ်သား နှစ်ဦးကို ပါလက်စတိုင်း လက်နက်ကိုင်များ ပြန်ပေးဆွဲသည့် ပြဿနာကြောင့် ပြန်လည်တင်းမာလာသည်။ လက်ဘနွန်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးမှုတွေ ပေါ်လာသည်။

သမ္မတအိုဘားမား လက်ထက်တွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရန် နည်းမျိုးစုံ ကြိုးစားခဲ့သော်လည်း ယနေ့အထိ မပြေလည်သေးချေ။ အစ္စရေး-ပါလက်စတိုင်း ပြဿနာသည် သီးသန့် ပြဿနာ မဟုတ်ဘဲ အစ္စရေးနှင့် အာရပ်နိုင်ငံများအကြား ပဋိပက္ခ၊ အစ္စရေးနှင့် အီရန်အကြား ပဋိပက္ခ၊ အာရပ်နိုင်ငံများနှင့် အီရန်အကြား ပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန် ဥရောပ၊ ရုရှား၊ တူရကီ စသည့်နိုင်ငံများ၏ မဟာဗျူဟာများနှင့် ဆက်နွှယ်နေသော ပဋိပက္ခ ဖြစ်သည်။ သို့သော် ဤပြဿနာမှာ ပါလက်စတိုင်း လူမျိုးများ၏ အနာဂတ်နှင့် တိုက်ရိုက် ဆက်နွှယ်နေလေသည်။

ပါလက်စတိုင်းများ လက်တွေ့ ရင်ဆိုင်နေရသော ပြဿနာမှာ မိမိနယ်မြေများကို သိမ်းပိုက်ထားခြင်းနှင့် မိမိလူမျိုး၏ အချုပ်အခြာအာဏာကို အဓမ္မသိမ်းပိုက်ထားခြင်း ဖြစ်သည်။

ပါလက်စတိုင်း အရေးကို တကယ့်အရှိတရားမှ စတင်ဖို့ လိုပါသည်။ ပါလက်စတိုင်း လူမျိုးဆိုတာ ရှိ၊ မရှိ၊ ရှိလျှင် ထိုလူမျိုးတွင် အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးသင့် မပေးသင့် ထပ်မံစဉ်းစားဖို့ လိုပါသည်။ အစ္စရေးက ယင်းအချက်များကို အကြောင်းအမျိုးမျိုး ပြ၍ ငြင်းပယ်လျက် ရှိသည်။ ဖြစ်နိုင်လျှင် ပါလက်စတိုင်း ဆိုသည်ကို လုံးဝ မေ့ဖျောက် ပယ်ဖျက်ပြီး လူမျိုးတစ်မျိုး ဘာသာတစ်ခု ဒေသကြီးအဖြစ် တည်ထောင်လိုသည့် ရှေးရိုးစွဲတွေ ရှိနေလေသည်။ ပါလက်စတိုင်းတို့ကို နိုင်ငံထူထောင်ခွင့်ပေးလျှင် အစ္စရေး၏ လုံခြုံမှု ပျက်စီးမည်ဟု သူတို့က အကြောင်းပြကြသည်။ တရားဝင်မှုနှင့် တရားဥပဒေအရ တန်းတူမှု မရသည့် ပါလက်စတိုင်းများ ရှိနေလျှင် ပို၍ လုံခြုံမှု ကင်းမဲ့လေ့ ရှိကြောင်း အထူးမပြောတော့ပါ။ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့သည် ပါလက်စတိုင်း လူမျိုးများ၏ တရားဝင်မှုကို အသိအမှတ်ပြုခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်နေပါသည်။ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုသည်နှင့် ငြိမ်းချမ်းရေး တံခါး ပွင့်လာပါမည်။ ပိုပြီးလည်း လုံခြုံလာပါလိမ့်မည်။ ဤသည်မှာ တစ်ကမ္ဘာလုံး၏ မျှော်လင့်ချက် ဖြစ်သလို ပုပ်ရဟန်းမင်း၏ မျှော်လင့်ချက်လည်း ဖြစ်ပါသည်။

The Voice Weekly

No comments:

Post a Comment

My Blog List