တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော အရှေ့တောင်အာရှ နိုင်ငံများကို အစွန်းကုန် ကူညီထောက်ပံ့ ပေးမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေသဆိုင်ရာ လုံခြုံရေး အစည်းအဝေးတွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရူနိုင်း စသည့် နိုင်ငံများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသလို အရှေ့တရုတ်ပင်လယ်တွင်းရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီးလည်း ဂျပန်နှင့် တရုတ် အငြင်းပွားနေသည်။
အာရှ-ပစိဖိတ်ဒေသ ကာကွယ်ရေး ဝန်ကြီးများ၊ လုံခြုံရေးရာ အရာရှိများနှင့် ကျွမ်းကျင်သူများ တက်ရောက် သည့် ရှန်ဂရီလာ တွေ့ဆုံ ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှနိုင်ငံများကို ကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပြီး တရုတ်နိုင်ငံ၏ ရန်လိုသော စစ်ရေးဆိုင်ရာ အပြုအမှုများကို ဝေဖန်လိုက်သည်။
“အာဆီယံဒေသတွင်း လေကြောင်း၊ ရေကြောင်း လုံခြုံရေး လုပ်ဆောင်ရာမှာ ဂျပန်နိုင်ငံက အစွမ်းကုန် ကူညီပေးမယ်။ လွတ်လပ်စွာ ခုတ်မောင်း သွားလာခွင့်၊ ပျံသန်းနိုင်ခွင့်ရရှိရေး ကူညီလုပ်ဆောင် ပေးသွား မယ်” ဟု ဝန်ကြီးချုပ် အာဘေးက ပြောကြားသည်။
နိုင်ငံခြားဒေသများတွင် စစ်ဆင်တိုက်ခိုက်ခွင့်၊ ထိုးစစ်ဆင် တိုက်ခိုက်ခွင့်ကို ပိတ်ပင်ထားသည့် ဒုတိယကမ္ဘာ စစ်ပြီး ဂျပန်အခြေခံဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းနေချိန်တွင် ဝန်ကြီးချုပ်အာဘေး၏ မိန့်ခွန်းပြောကြားမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထို့အပြင် ဝန်ကြီးချုပ် အာဘေးသည် ရှန်ဂရီလာ လုံခြုံရေး တွေ့ဆုံဆွေးနွေးမှုတွင် ပထမဆုံး တက်ရောက် မိန့်ခွန်းပြောကြားသည့် ဂျပန်ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။
“အာရှနဲ့ ကမ္ဘာ့ငြိမ်းချမ်းမှု တည်ဆောက်ရေးမှာ ဂျပန်က အရင်ကလို မဟုတ်ဘဲ ပိုမိုတက်တက်ကြွကြွနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆောင်ရွက်သွားမယ်” ဟု အသက် ၅၉ နှစ်အရွယ် ဂျပန်ဝန်ကြီးချုပ် အာဘေးက ပြောကြားသည်။
ဒုတိယကမ္ဘာစစ် ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများကို ဂျပန်နိုင်ငံက သိမ်းပိုက်ခဲ့သော်လည်း လက်ရှိကာလ တရုတ်နိုင်ငံ၏ စစ်ရေး အတင့်ရဲမှုများကြောင့် ဒေသတွင်းနိုင်ငံများက ဂျပန်နိုင်ငံနှင့် ပူးပေါင်းရန် လိုလားလျက် ရှိသည်။
အမေရိကန်ပြည်ထောင်စုကလည်း ယင်းကဲ့သို့သော ရပ်တည်ချက်ကို ထောက်ခံ အားပေးလျက် ရှိပြီး ဂျပန်ဝန်ကြီးချုပ် အာဘေး မိန့်ခွန်း မပြောကြားခင်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်၊ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာတင်ဒန်းဆေးတို့နှင့် ဝန်ကြီးချုပ်အာဘေး တွေ့ဆုံဆွေးနွေးခဲ့သည်။
“ခင်ဗျား လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို ကျွန်တော်တို့ ခိုင်ခိုင်မာမာ ထောက်ခံတယ်” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဂျပန်ဝန်ကြီးချုပ် အာဘေးကို ပြောကြားခဲ့သည်။
ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများကြား ဆက်ဆံရေး တိုးတက်လာပြီး အမေရိကန်ပြည်ထောင်စု၏ အားပေးထောက်ခံမှုကို ရရှိနေသော်လည်း ဂျပန်နှင့် တရုတ်ဆက်ဆံရေးမှာ အရှေ့တရုတ် ပင်လယ် အရေးနှင့် ပတ်သက်၍ တဖြည်းဖြည်း ဆိုးရွားလျက် ရှိသည်။
အာရှဒေသတွင်း လုံခြုံရေး ပျက်ပြားအောင် လုပ်ဆောင်သည်မှာ တရုတ်နိုင်ငံ မဟုတ်ဘဲ နယ်မြေတောင်း ဆိုမှုများ လုပ်ဆောင်နေသည့် ဂျပန်နိုင်ငံ ဖြစ်သည်ဟု ရှန်ဂရီလာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တရုတ်ကိုယ်စားလှယ်အဖွဲ့က စွပ်စွဲလိုက်သည်။
The Voice Weekly
No comments:
Post a Comment