Friday, June 06, 2014

အပစ်ရပ်ရေး ခိုင်မြဲရန် တိုင်းရင်းသား အခွင့်အရေး ကာကွယ်သည့် အချက်အလက်ပါ ဥပဒေများ ပြဋ္ဌာန်းမည်ဟု သူရဦးရွှေမန်း ပြောကြား



နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ခိုင်မြဲရန်အတွက် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရာတွင် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ပေးသော အချက်များကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တွေ့ဆုံစဉ် ကတိပြု ပြောကြားခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရေးနှင့် သဘောတူညီချက်များခိုင်မြဲရန် ပြည်ထောင်စု လွှတ်တော် နာယက၏ အခွင့်အာဏာဖြင့် ကူညီလုပ်ဆောင်မည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း နေပြည်တော်ကောင်စီနယ်မြေ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် သူရဦးရွှေမန်းက ယင်းသို့ ပြောကြားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဥပဒေတွေကို ရေးဆွဲရာမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးရမယ် ဆိုတဲ့ အချက်ကို ထည့်သွင်းပြီးမှ ပြဋ္ဌာန်းသွားမယ်လို့ ပြောပါတယ်” ဟု ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော် နာယက မဖြစ်မီ တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က KNU ချေမှုန်းရေးကို ဆောင်ရွက်ခဲ့သော်လည်း ငြိမ်းချမ်းရေးဖြင့် တည်ဆောက်ခြင်းကို အပြုသဘောဆောင် ညှိနှိုင်းမှုကသာ ခိုင်ခံ့စေသည်ဟု သူရဦးရွှေမန်းက ပြောကြားသွားကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် KNU ဗဟိုကော်မတီဝင်များသည် ဇွန်လ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ဆက်တိုက်တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း KNU ဗဟိုကော်မတီထံမှ သိရသည်။

ယင်းသို့ တွေ့ဆုံခဲ့သော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးကိုမူ ထည့်သွင်း ဆွေးနွေးခဲ့ခြင်း မရှိကြောင်း KNU ဗဟိုကော်မတီဝင်များထံမှ သိရသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တိုက်ခိုက်ခဲ့သော်လည်း အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဆက်တိုက် တွေ့ဆုံခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့်မူ ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List