Tuesday, June 03, 2014

အမတ်များ မေးခွန်းမေးရာတွင် ယေဘုယျဆန်သော စကားလုံးများဖြင့် မစွပ်စွဲရန် ဦးရွှေမန်း သတိပေး




လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့သို့ လွှတ်တော်အတွင်း မေးခွန်းမေးမြန်းရာ၌ ယေဘုဆန်သောစကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မပြုလုပ်ရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေးပြောဆိုသည်။

သူရဦးရွှေမန်းက "အထောက်အထားခိုင်ခိုင်မာမာနဲ့ ဘယ်နေရာမှာ ဘယ်လိုဖြစ်တယ်ဆိုတာ တင်ပြပါ။ ယေဘုယျဆန်တဲ့ စကားလုံးတွေနဲ့ စွပ်စွဲမေးမြန်းတာမျိုးမလုပ်ပါနဲ့" ဟု သတိပေးခဲ့သည်။

ချမ်းမြသာစည် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်က ဘဏ်များမှ ငွေချေးယူ ရာတွင် လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် ချေးငွေစာချုပ်စာတမ်းပါ အချက် ၁၆ချက်ကို ထိုက်သင့် သလောက် ဖြေလျော့ပေးရန် ကိစ္စကို ပြည်သူ့လွှတ်တော်တွင် မေးမြန်းရာ ဘဏ်များတွင် ချေးငွေယူပါက ကြားပွဲစားမှ ဖြတ်စားလာဘ်စား ပြုလုပ်နေသည့် ငွေပွဲစားများ ရှိသည်ဟု စွပ်စွဲပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက အထက်ပါအကြောင်းအရာများသည် တိကျသေချာမှုရှိပါက အထောက်အထားနှင့် တကွ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် လွှတ်တော်သို့တင်ပြနိုင်ပြီး ဌာနများ၏ဂုဏ်သိက္ခာထိခိုက်မှုမရှိစေရန် ကိုယ်စားလှယ်များက သတိထားမေးမြန်ရန်လည်း တိုက်တွန်းခဲ့သည်။

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးစိုးဝင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အများပြည်သူထံသို့ချေးငွေထုတ်ပေး ရာတွင် မူဝါဒ ၁၆ ချက်နှင့် အညီလုပ်ကိုင်နေပြီး မြေ၊ အဆောက်အဦ၊ ပုံစံ၊ မှတ်ပုံတင်ထားရှိမှု၊ ပြန်လည်ပေးဆပ်နိုင်မှု၊ မီးအာမခံ၊ စာချုပ်စာတမ်းကိစ္စများကို ခိုင်လုံတိကျစွာ စိစစ်နေရခြင်းကြောင့် မူဝါဒ လျော့ချနိုင်သော်လည်း အချိန် ကာလကို လျော့ချပေးရန်မဖြစ်နိုင်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဗဟိုဘဏ်မှ ချေးငွေထုတ်ပေးရာတွင် ကျပ်သိန်းတစ်ထောင်အထိ တစ်လ၊ ကျပ်သိန်း တစ်ထောင်မှ ကျပ်သိန်း လေးထောင်အထိ တစ်လခွဲ နှင့် ကျပ်သိန်း လေးထောင်အထက် ချေးငွေကို နှစ်လခန့်ကြာသည် အထိ စိစစ်ပြီး ထုတ်ချေးနေရကြောင်း ၎င်းကရှင်းပြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List