Thursday, June 05, 2014

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ ယနေ့ရောက်မည်


နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်စ ပြုလာသည့် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်မှုအဖြစ် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Ms. Penny Pritzker ဦးဆောင်သော အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဒု-ရုံး အဖွဲ့မှူးထံမှ သိရသည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့်အဖွဲ့ကို တွေ့ဆုံမည်ဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်ကို ဆွေးနွေး မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က ပြောကြားသည်။

တပ်မတော်နှင့် ဆက်နွယ်သည့် စီးပွားရေး လုပ်ငန်းများနှင့် တွဲဖက်၍ အမေရိကန် စီးပွားရေး လုပ်ငန်းများ မလုပ်ကိုင်ရန် စီးပွားရေးပိတ်ဆို့မှုသက်တမ်း တစ်နှစ်ထပ်မံတိုးပြီးနောက် လာရောက်သည့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး၏ ခရီးစဉ်တွင် ပြည်တွင်းနာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် တွေ့ဆုံမည် မဟုတ်ကြောင်း အဆိုပါ အသင်းချုပ်ထံမှ သိရသည်။ 

“သူတို့အဖွဲ့က ခဏပဲနေမယ် ထင်တယ်ဗျ။ သမ္မတအိုဘားမား လာတုန်းကလိုပေါ့။ UMFCCI နဲ့ မတွေ့ဘူး ဆိုတာဟုတ်ပါတယ်။ Sanction (စီးပွားရေး ပိတ်ဆို့မှု) ကြောင့်တော့ ဟုတ်မယ် မထင်ပါဘူး။ တိုက်ဆိုင်တာ နေမှာပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ဝန်ကြီး၏ ယခုခရီးစဉ်သည် အာရှဒေသ အတွင်းရှိ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့နှင့်ကုန်သွယ်မှုတိုးမြှင့်ရန်ရည်ရွယ်၍ လာရောက်ခြင်း ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံသည် သံတမန်ဆက်ဆံရေး ရောက်ရှိလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အမေရိကန်ကုန်သွယ်ရေးရုံးမရှိသောကြောင့် ပြီးခဲ့သည့်လပိုင်းအတွင်း အမေရိကန်နိုင်ငံခြား ကုန်သွယ်ရေး ဝန်ဆောင်မှုဌာနရုံးကို ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံက ပေးမည့် တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့် (GSP) ရရှိရန် အခြေ အနေကောင်းများ ရှိပြီး လက်ရှိတွင် မြန်မာ-အမေရိကန် ကုန်သွယ်မှုမှာ နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း သန်း ၇၀၀၀ ခန့် ရှိသောကြောင့် မြန်မာ-အမေရိကန် ကုန်သွယ်မှုထက် အဆ ၇၀ ခန့် ပိုမိုများပြားလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List