Wednesday, June 04, 2014

အကြည်အသာဖြစ်မလား၊ ကလီကမာဖြစ်မလား ပီအာ


ပီအာ” ဆိုသည်မှာ Proportional Representation ဖြစ်သည်။ အနီစပ်ဆုံးမြန်မာမှု ပြုရလျှင် အချိုးကျ ကိုယ်စားပြုစနစ် ဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးပါတီများ၊ရွေးကောက်ပွဲတွင်ရရှိသည့် မဲအရေအတွက် အရ၊ ဥပဒေပြုလွှတ်တော်တွင် အချိုးကျ ခွဲဝေယူရမည့်စနစ် ဖြစ်သည်။ ပီအာစနစ်ကို ဗြိတိသျှနိုင်ငံရေး ဘောဂ ဗေဒပညာရှင် ဂျွန်စတုရပ်မီး(လ)က စတင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

စံတော်ဝင်ရွေးကောက်ပွဲစနစ်ဟုဆိုနိုင်သော “မဲအများဆုံးရသူက အနိုင်ရသည့်စနစ်”(First Past The Post ) စနစ်မှာ၊ “နိုင်သူအကုန်ယူ” (winner takes all) သဘောဖြစ်ရာ“အများစုနှင့် ဗိုလ်ကျသည်မျိုး” (tyranny of majority) ဖြစ်နိုင်၍၊ ပါတီငယ်များ အထူးသဖြင့် လူမျိုးစုပါတီများ ဘေးရောက် သွားနိုင်သောကြောင့်၊ ပီအာစနစ်ကိုအဆိုပြုလာခြင်းဖြစ်သည်။

ပီအာစနစ်ကို ပထမဆုံး အကောင်အထည်ဖော် ကျင့်သုံးခဲ့သည်မှာ ၁၈၅၅ ခုနှစ်က ဒိန်းမတ်နိုင်ငံတွင်ဖြစ် သည်။ ထို့နောက်တွင်မူ လူမျိုးများစွာဖြင့်ပြည်ထောင်စုပုံသဏ္ဍာန်စုစည်းကြသော ဆွစ်ဇာလန်(၁၈၉၁)၊ ဘယ်လ်ဂျီယံ(၁၈၉၉)၊ ဖင်လန်(၁၉၀၆)တို့ လိုက်ပါကျင့်သုံးလာကြသည်။

လူမျိုးစု လူနည်းစုများရှိသော၊ ပါတီအများကြီးရှိသော နိုင်ငံများအတွက် ပိုမိုဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲ စနစ်ဟု ပညာရှင်များကအသိအမှတ်ပြုကြသည်။ သို့သော်လည်း ၁၉၂၀ ပြည့်လွန်နှစ်များက ပေါ်ထွက် လာခဲ့သော ဂျာမန်ဝိုင်မာသမ္မတနိုင်ငံတွင် ပီအာစနစ်ကို ကျင့်သုံးခဲ့ရာမှဟစ်တလာ၏ နာဇီပါတီ အာဏာရလာသော သမိုင်းကလည်း ရှိနေပြန်သည်။

ပီအာစနစ်၏ အားနည်းချက်မှာ၊ အစွန်းရောက်ပါတီများ အာဏာရလာနိုင်သည့် အလားအလာရှိသည် ဆိုသော ဝေဖန်ထောက်ပြချက်များလည်း ရှိနေသည်။နောက်ပိုင်းတွင် FPTP နှင့် PR ကို ပေါင်းစပ် ကျင့်သုံးသည့်စနစ်လည်း ပေါ်လာသည်။ “တစ်စိတ်တစ်ပိုင်းအချိုးကျစနစ်” (Semi-Proportional System) ဟု ခေါ်သည်။

မြန်မာနိုင်ငံသည် လူမျိုးစုများးစွာမှီတင်းနေထိုင်ကြသော ပြည်ထောင်စုကြီးဖြစ်သည်။

လူမျိုးစုနိုင်ငံရေးပါတီများလည်း မနည်းမနောရှိသည်။ တိုင်းရင်းသားလူမျိုးများ၏ အရေးမှာ မြန်မာ့ဒီမို ကရေစီရေး၏ အသည်းနှလုံးနေရာတွင်ရှိသည်။  ပီအာစနစ်လက်တွေ့ကျင့်သုံး ကြသောနိုင်ငံများ၏ အတွေ့အကြုံအရ၊ ဤစနစ်၏ လုပ်ထုံးလုပ်နည်းများမှာ၊ ရှုပ်ထွေးသည်နှင့်အမျှ၊ လက်ပေါက်စိပ်သည်ဟု သိရသည်။

တစ်စုံတရာရင့်ကျက်ပြီး၊ ဒီမိုကရေစီနိုင်ငံများအတွက် ကိစ္စမရှိ။ မြန်မာနိုင်ငံလို၊ သက်တမ်းအရရော၊ အတွေ့အကြုံအရပါ နုနယ်သေးသော အနေအထားနှင့်၊ လက်တွေ့ပြဿနာရှိနိုင်မရှိနိုင် စဉ်းစားဖို့လိုပါလိမ့် မည်။ လက်ရှိအခြေအနေတွင် ဤစနစ်ကို ကျင့်သုံးမည်ဆိုပါက စွမ်းဆောင်ရည်အရရော၊ မရိုးသားမှု များကြောင့်ပါ အားနည်းချို့ယွင်းချက်များ ရှိလာနိုင်သည်။

ပီအာစနစ်က နိုင်ငံရေးပါတီများ ညှိနှိုင်းဆောင်ရွက် ကြရမည်ဖြစ်ရာ၊ ‘ဘုံတူညီချက်’ (Common ground) ရှာဖို့ ခက်နိုင်သည်။ ပီအာဖြစ်စေ၊ လက်ရှိ FPTP ဖြစ်စေ၊ဤနှစ်ခုပေါင်းစပ်၍ဖြစ်စေ၊ မည်သည့်စနစ်နှင့် သွားသွား တပ်ပေါင်းစု နိုင်ငံရေး စိတ်ဓာတ်မပျောက်မှသာ၊ မြန်မာ့ဒီမိုကရေစီ ဝင်္ကပါလမ်းမှ ဖောက်ထွက် နိုင်လိမ့်မည်။

လက်ရှိကျင့်သုံးနေသော မဲအများဆုံးရရှိသူ အနိုင်ရရှိသည့် ရွေးကောက်ပွဲစနစ်အောက်တွင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းဒေသကြီး မဲဆန္ဒ နယ်များတွင် အနိုင်ရရှိရန် အလားအလာ ကောင်းလျက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲနှင့် လက်ရှိရွေးကောက်ပွဲ စနစ်အောက် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်နိုင်ငံရေးစီးချင်းထိုးမည်ဆိုပါက မရှုမလှ အရေးနိမ့်နိုင်ဖွယ်ရှိနေသည် မှာ ငြင်းမရသော အမှန်တရားဖြစ်သည်။ အချိုးကျကိုယ်စားပြုမှုစနစ်ကို ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက် ပွဲတွင် ကျင့်သုံးလာနိုင်ပါက ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒီချုပ်ပါတီ၏ အနိုင်ရရှိနိုင်မှုကို ထိန်းညှိလာနိုင်မည့် အပြင် ၂၀၁၅ ခုနှစ် အလွန်ပြည်ထောင်စုလွှတ်တော်တွင် ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်များ၏ နေရာယူ လာနိုင်မှု ကိုလည်း လျှော့ချနိုင်မည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ၂၀၁၄ ခုနှစ် လွှတ်တော်နိုင်ငံရေးသည် ဇာတ်ကောင်များစွာနှင့် ရှုပ်ထွေးဦးမည်ဖြစ် သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးခြေလှမ်းများ၊ လွှတ်တော်တွင်းဆွေးနွေးမှုများ၊လွှတ်တော်ပြင်ပအသံများနှင့် အတူ ၂၀၁၄ ခုနှစ်သည် တတိတိကုန်ဆုံးသွားဖွယ်ရှိပြီး ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး၏ အသီးအပွင့်အချို့ကို မြင်တွေ့လာရနိုင်ဖွယ်ရှိနေသည်။

အချိုးကျကိုယ်စားပြုမှုစနစ် သို့မဟုတ် ပီအာစနစ်သည်လည်း အသက်ဝင်လာနိုင်ခြေမြင့်မားလျက် ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းများနှင့် နိုင်ငံရေးဆွေးနွေးရေးနှင့် ပီအာရွေးကောက်ပွဲစနစ်ပြောင်းလဲအသုံးပြုရေး တို့သည် မြန်မာ့နိုင်ငံရေးကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လာဦးမည်မှာ မလွဲဧကန်ဖြစ်သည်။ နိုင်ငံရေးပါတီများအနေဖြင့် ၂၀၁၄ ခုနှစ်ကို နိုင်ငံရေး သက်လုံ ကောင်းကောင်းနှင့် ဖြတ်သန်းနိုင်ရန်လိုအပ်လျက်ရှိကြောင်း တင်ပြလိုက် ရပါသည်။

မင်းအဂ္ဂ
The Myanmar Age

No comments:

Post a Comment

My Blog List