Wednesday, June 04, 2014

ထိမိပွတ်မိ ဦးရာလူဖြဲတဲ့ လမ်းမပေါ်ကပြဿ နာ



ရန်ကုန်တွင်တိုးပွားလာသော ကားစီးရေနှင့် စည်းမဲ့ကမ်းမဲ့မောင်းနှင်မှုများ နေ့စဉ်တိုးပွားလာသည့်အချိန်တွင် ယာဉ် မတော် တဆမှု ဖြစ်ပွားမှုနှုန်းက နေ့စဉ်မြင့်တက်လာဆဲဖြစ်သည်။ သီတင်းတစ်ပတ်လျှင် ယာဉ်တိုက်မှု ၄၀ ထက်မနည်း ဖြစ်ပွားနေသည့် ရန်ကုန်တွင် တစ်ဖက်နှင့်တစ်ဖက် ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက မိမိမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပိုင်ပိုင်နိုင်နိုင် ထိထိရောက်ရောက် ပြောဆိုနိုင်သူက အများအားဖြင့် လျော်ကြေးရနိုင်သည့် အခြေ အနေကို ရန်ကုန်မြို့မှ ယာဉ်မောင်းများက သိရှိထားကြသည်။
ကားအာမခံထားသော အလေ့အထ အားနည်းသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ယာဉ်ကြောရှုပ်ထွေးမှု တစ်နေ့ တခြားဆိုးရွားလာပြီး နည်းလမ်းမကျသည့် ဖြေရှင်းမှုကြောင့် နှစ်ဦးနှစ်ဖက် နစ်နာမှုများက လမ်းမများပေါ်တွင် နေ့စဉ်ဖြစ်ပေါ်နေသည်။

‘‘ကိုယ့်ဘက်က မှားနေလည်း အလျော်ရအောင် တစ်ဖက်လူကို ဖိဟောက်လိုက်ရင် အလိုလိုနေရင်း ကိုယ့်ဘက်က အမှန်လိုဖြစ်သွားတာတွေလည်း ရှိတယ်’’ဟု လှိုင်သာယာနှင့် သီရိမင်္ဂလာဈေး မောင်းနှင်ပြေးဆွဲနေသည့် ကုန်တင် ယာဉ်မောင်း ကိုမြင့်နိုင်စိုးက သူ၏အတွေ့အကြုံကို ပြောပြသည်။

အစိုးရသစ်လက်ထက်တွင် လူတစ်ဦးလျှင် ကားတစ်စီး Free Permit ဖြင့် တင်သွင်းခွင့်ပြုပြီးနောက် နိုင်ငံ၏လူဦးရေ သန်း ၆၀ ကျော်အနက် ကားစီးနင်းနိုင်သူ လူဦးရေမှာ သိန်း ၃၀ ထိ ရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

ထို့ကြောင့် ယခင်အစိုးရလက်ထက်က လူတန်းစားတစ်ရပ်နှင့် ငွေကြေးတတ်နိုင်သူအချို့သာ စီးနင်းနိုင်ခဲ့သည့် ကားအများစုမှာ လက်ရှိတွင် အနည်းဆုံး ကျပ်သိန်း ၈၀ မှ သိန်း ၁၀၀ နီးပါးဖြင့် ၀ယ်ယူစီးနင်းလာနိုင်ကာ ကားစီးရမှာလည်း မြင့်သထက်မြင့်လာသည်။

အထင်ကရလမ်းမကြီးများမှလွဲ၍ နည်းပညာမြင့် အသုံးပြုထားသည့် CCTV များ မရှိခြင်း၊ ရန်ကုန်တွင် ယာဉ်ထိန်းအင်အား မလောက်ငခြင်းများက ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက နှစ်ဦးနှစ်ဖက် ပြဿနာကို အဆင်ပြေသလို ကိုယ်တိုင်ဖြေ ရှင်းနေကြရမြဲ ဖြစ်သည်။

နိုင်ငံတကာတွင် ယာဉ်တိုက်မှုဖြစ်ပွားပါက နှစ်ဖက်ယာဉ်မောင်းအချင်းချင်း ဖြေရှင်းညှိနှိုင်းခြင်းမျိုး မပြုလုပ်ဘဲ နှစ်ဖက် လုံးမှ အာမခံထားသည့် ကုမ္ပဏီနှစ်ခုကသာ ဖြေရှင်းပေးနေခြင်းဖြစ်ပြီး ဖြေရှင်း၍မရသဖြင့် တရားရင်ဆိုင်ရမည်ဆိုပါက အာမခံကုမ္ပဏီနှစ်ခုကသာ ဆက်လက်တရားရင်ဆိုင်ကြသည်ဟု အောင်သစ္စာဦးအာမခံကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဘထွန်းက ရှင်းပြသည်။

‘‘နိုင်ငံခြားမှာ ကားအချင်းချင်းတိုက်မိရင် အာမခံကုမ္ပဏီကို ဆက်သွယ်လိုက်ရုံပဲ။ အချိန်တန်ရင် ကိုယ်က လျော်ကြေးရ မယ်’’ဟု ဦးဘထွန်းကဆိုသည်။

မော်တော်ယာဉ်အလုံးစုံအာမခံကို ပြည်ပနိုင်ငံအများစုတွင် မထားမနေရ ထားရှိရပြီး မြန်မာနိုင်ငံတွင်မူ မိမိစိတ်ကြိုက် နှစ်သက်မှသာ ထားရှိနိုင်သည်။ အလုံးစုံအာမခံကို ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ ခုက ဆောင်ရွက်လျက်ရှိပြီး တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပွားပါက အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ၀ပ်ရှော့များသို့ သွားရောက်ပြုပြင်ပေးပြီး ကျသင့်ငွေကို ၀ပ်ရှော့က အာမခံကုမ္ပဏီသို့ တောင်းခံနိုင်သည်။

ပုဂ္ဂလိကအာမခံကုမ္ပဏီများတွင် တစ်လလျှင် မော်တော်ယာဉ်အလုံးစုံအာမခံ ၁၀ စီးမှ ၁၅ စီးအထိ အာမခံလျော်ကြေး ပေးနေရပြီး အဆိုပါအာမခံအပေါ် စိတ်ဝင်စားမှုနှုန်း မြင့်တက်လာပြီဖြစ်ကြောင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများက ဆိုသည်။

‘‘အာမခံထားရင် ကိုယ့်ဘက်ကမှားမှား၊ သူ့ဘက်ကမှားမှား ပျက်စီးဆုံးရှုံးသွားတဲ့အရာကို အလျော်ပြန်ရတယ်။ ကျွန်တော် ကားနှစ်စီးကို နောက်ကနေ ဆင့်တိုက်တုန်းက ရှေ့ကကားနှစ်စီးလုံးကို ကုမ္ပဏီကလျော်ပေးတယ်။ ပုံမှန်ကတော့ ကုမ္ပဏီအနေနဲ့ ရှေ့ကားတစ်စီးတည်းလျော်ရင် လုံလောက်ပါတယ်’’ ဟု Grand Guardian အာမခံကုမ္ပဏီမှ ယာဉ်တိုက်မှုဖြစ်၍ အလျော်ရခဲ့ဖူးသူ ကားပိုင်ရှင်တစ်ဦးက ဆိုသည်။

ထို့ကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပါက ကားတစ်စီးချင်းစီ၏ အာမခံထားရှိခြင်းက နှစ်ဦးနှစ်ဖက်လုံးအတွက် မည်သူက မှားမှား၊ မှန်မှန် လျော်ကြေးရနိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အထက်ပါကားပိုင်ရှင်က ပြောသည်။

နိုင်ငံတကာတွင် ကားမတော်တဆမှုများ ဖြစ်ပွားပါက ဖြစ်ပွားသည့်နေရာတွင်ပင် ယာဉ်မောင်းက ကားကိုထားခဲ့ကာ အာမခံကုမ္ပဏီသို့ ဆက်သွယ်ပြီး ငါးမိနစ်အတွင်း သက်ဆိုင်ရာရဲက လာရောက်စစ်ဆေး မှတ်တမ်းရယူလေ့ရှိကြောင်း ထိုင်းနိုင်ငံတွင် ၂ နှစ်ကြာ မီဒီယာလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဆိုသည်။

စင်ကာပူကဲ့သို့ နိုင်ငံမျိုးတွင် အများစုက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြပြီး ယာဉ်တိုက်မှုဖြစ်ပွားပါက အာမခံကုမ္ပဏီဖြင့်သာ လျော်ကြေးကိစ္စကို ဆက်လက်ညှိနှိုင်းကြသည်ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ကိုဝေယံထက်ကပြောသည်။

‘‘ဒီမှာက မတော်တဆဖြစ်ရင်လည်း စည်းကမ်းတကျ ဖြေရှင်းတယ်။ မြန်မာနိုင်ငံနဲ့တော့ တခြားစီပဲ’’ဟု ကိုဝေယံထက် ကဆိုသည်။

ရန်ကုန်၌ လက်ရှိတွင် အများအားဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက အများစုက သက်ဆိုင်ရာရဲသို့ ဆက်သွယ်အကြောင်းကြားခြင်းမရှိဘဲ ယာဉ်မောင်းနှစ်ဦးက မိမိဘာသာမိမိ ညှိနှိုင်းဖြေရှင်းကြသည်ကများပြီး နှစ်ဦးနှစ်ဖက်ညှိနှိုင်း၍ အဆင်မပြေမှသာ ယာဉ်ထိန်းရုံးသို့ ဆက်သွယ်အကြောင်းကြားကြသည်ဟု ဒဂုံမြို့နယ်မှ လမ်းပြယာဉ်ထိန်းရဲတစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

အဓိကအားဖြင့် ကားအချင်းချင်း ပွတ်ဆွဲခြင်း၊ ငြိခြင်းများ ဖြစ်ပေါ်ပါက ရန်ကုန်မှ ယာဉ်မောင်းအများစုသည် ယာဉ်မောင်းသူ နှစ်ဦးနှစ်ဖက်သာ ဖြေရှင်းပြီး ညှိနှိုင်းရန် လုံးဝအဆင်မပြေမှသာ ယာဉ်ထိန်းရဲ (သို့မဟုတ်) နယ်မြေရဲကို အကူအညီတောင်းခံ ဖြေရှင်းနေရသည်ဟု ကုမ္ပဏီကားမောင်းနှင်နေသူ ယာဉ်မောင်းကိုဇော်လတ်က ဆိုသည်။

‘‘တကယ်လို့ ယာဉ်မတော်တဆဖြစ်ရင် လူဆိုတာ ကိုယ့်ဘက်က အမှန်ပဲ ပြောကြမှာချည်းပဲ။ အခင်းဖြစ်တဲ့နေရာမှာ အဓိက မှတ်တမ်းသက်သေက အရေးကြီးဆုံးပဲ။ ဒါမှ လျော်ကြေးကိစ္စ ဖြေရှင်းတဲ့အခါမှာ မနစ်နာရမှာ’’ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မျိုးအောင်က ပြောသည်။

အဓိကအားဖြင့် ယာဉ်တိုက်မှုဖြစ်ပွားပါက မိမိတွင်ပါလာသည့် ဖုန်း (သို့မဟုတ်) ကင်မရာဖြင့် မှတ်တမ်းဓာတ်ပုံရိုက် ယူထားခြင်း၊ မူလနေရာမှ မပျက်ယွင်းအောင်ထားရှိခြင်း၊ ထိခိုက်ထားသည့်အနေအထား မပျက်ယွင်းအောင် ထားရှိခြင်း မျိုး ပြုလုပ်ထားသင့်ပြီး အချင်းများ ရန်စောင်မှုများ စတင်ဖြစ်ပွားပါက သက်ဆိုင်ရာနယ်မြေရဲသို့ ဆက်သွယ်အသိပေး သင့်ကြောင်း အထက်ပါရဲအုပ်က အကြံပြုပြောဆိုသည်။

‘‘ဖြစ်ပြီဆိုတာနဲ့ ခင်ဗျားလည်း မရွှေ့နဲ့ ကျွန်တော်လည်း မရွှေ့ဘူး။ ဒီတိုင်းထားမယ်ဆိုပြီး ရဲကိုဆက်သွယ်တာ ပိုကောင်း မယ်။ နယ်မြေရဲကမှတစ်ဆင့် ကျွန်တော်တို့ ယာဉ်ထိန်းရဲကို ဆက်သွယ်လာပါလိမ့်မယ်။ ဒါက လုပ်ထုံးလုပ်နည်း အမှန်ပါပဲ’’ဟု ရဲအုပ်မျိုးအောင်က ဆက်လက်ပြောကြားသည်။

‘‘တချို့က ကားမောင်းသက်တမ်းနုတော့ ကိုယ်ကမှန်တယ်၊ အလျော်လည်းရနိုင်တဲ့အခြေအနေ၊ ဒါပေမဲ့ မှန်နေရဲ့သားနဲ့ မှားနေတယ်ထင်ပြီး မဖြေရှင်းဘဲ ကားကို မောင်းပြေးကြတာ ကြုံဖူးတယ်’’ဟု အဆိုပါယာဉ်မောင်းကပြောသည်။

ယာဉ်မတော်တဆမှုဖြစ်ပွား၍ မိမိဘက်မှ မှန်သည်ဟု ဖြေရှင်းနိုင်ပါက တစ်ဖက်ယာဉ်မောင်း၏ ဝှီးတက်၊ အုံနာဘုတ်၊ လိုင်စင်တို့ကို သိမ်းဆည်းထားသင့်ပြီး တစ်ဖက်ယာဉ်မောင်းကို ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်တို့ကို ယူထားသင့်ကြောင်း ကိုဇော်လတ်က အကြံပြုပြောကြားသည်။

လိုင်စင်သိမ်းဆည်းရာတွင်မူ လက်ရှိတွင် လိုင်စင်အတုများ ပေါ်ပေါက်နေခြင်းကြောင့် စိတ်မချရနိုင်ဘဲ ဝှီးတက်၊ အုံနာဘုတ်၊ ကားနံပါတ်တို့ကို စိတ်ချစွာ မှတ်သားသိမ်းဆည်းထားသင့်ကြောင်း ၎င်းကဆိုသည်။

‘‘တစ်ဖက်က အရမ်းဖိဟောက်နေတာတွေ၊ ဆဲဆိုတာမျိုးတွေ ရှိလာရင် ကိုယ့်ဘက်က မှန်နေရဲ့သားနဲ့ ကြောက်စိတ်က၀င်လာပြီး သူပြောသမျှတွေလည်း လုပ်ပေးခဲ့ရဖူးတယ်။ ကားမောင်းတဲ့သက်တမ်း နုစဉ်တုန်းကပေါ့’’ဟု ကိုဇော်လတ်က သူ၏အတွေ့အကြုံကို ပြောပြသည်။

ယခုနောက်ပိုင်းတွင် ယာဉ်မောင်းအများစုမှာ အမျိုးသမီးယာဉ်မောင်း များပြားလာခြင်း၊ သက်တမ်းနုယာဉ်မောင်း ငယ်များလည်း လိုင်စင်ရှိရုံဖြင့် ၀င်ရောက် မောင်းနှင်နေခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားပါက ဖြေရှင်းရန် အခက်ကြုံနေရသည်ဟု အငှားယာဉ်မောင်း ကိုစိုးသိမ်းဝင်းက ပြောသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ပတ်ဝန်းကျင်၏ ၀ိုင်းအုံကြည့်ရှုမှု၊ တစ်ဖက်ယာဉ်မောင်း၏ နိုင်ထက်စီးနင်းပြောဆိုမှု၊ ကိုယ်ထိလက်ရောက် နှောင့်ယှက်ထိပါး ရန်စောင်မှုများ ဖြစ်ပေါ်လာပါက အကောင်းဆုံးဖြေရှင်းနည်းမှာ သက်ဆိုင်ရာ နယ်မြေရဲသို့ ဆက်သွယ်အကြောင်းကြားသင့်ကြောင်း အထက်ပါအငှားယာဉ်မောင်းက အကြံပြုသည်။

7Day News Journal

No comments:

Post a Comment

My Blog List