Monday, August 17, 2015

ရွေးကောက်ပွဲမတိုင်မီ ဆူပူအုံကြွမှုနှင့် အကြမ်းဖက်မှုများ မဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီးကို အထူးလုံခြုံရေး တိုးမြှင့်


အကြမ်းဖက်လုယက်မှု၊လူသတ်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်တိုင်းဒေသကြီးတွင် ရွေးကောက် ပွဲကာလ မတိုင်မီ မှုခင်းကျဆင်းရေးနှင့် ဆူပူအုံကြွမှု၊ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အထူးလုံခြုံရေး တိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“စားသောက်ဆိုင်၊ KTV နဲ့ ကလပ်တွေကို ည ၁၁ နာရီမှာ ပိတ်ရမယ်လို့ ဒေသန္တရ အမိန့်ထုတ်ထားတယ်၊ မြို့နယ်အနှံ့မှာ နေ့ည လှည့်ကင်းအဖွဲ့ တွေက ယာဉ်ကြောစစ်ဆေးမှုတွေ၊ ရပ်ကွက်တွေထဲမှာပါ ရှောင်တ ခင် ဧည့်စာရင်း စစ်ဆေးခြင်းတွေအပြင်၊ ရွေးကောက်ပွဲကာလ မတိုင်မီ ခွင့်ပြုချက်မဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခြင်းတွေ ပြုလုပ်နိုင်မယ့် နေရာတွေမှာပါ ရပ်ကင်းအဖွဲ့ကို ထားရှိမယ်၊ ဒုစရိုက်သမား တွေ ခိုအောင်းနိုင်မယ့် နေရာတွေမှာ ဝပ်ကင်းတွေထားပြီး လုံခြုံရေးကို အရှိန်အဟုန်မြင့် ဆောင်ရွက်သွား မယ်” ဟု အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်၊ ရပ်ကွက်ပေါင်း ၆၈၉ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၁၁၇ ရွာတွင် မဲရုံ ၅၆၈၇ ရုံ ထားရှိကာ ပါတီ ၄၀ မှ ကိုယ်စားလှယ်လောင်း ၅၀၀ ကျော်က ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလ လုံခြုံရေးကို အပိုင်း ၄ ပိုင်း ခွဲခြားထားပြီး အထူးလုံခြုံရေး များကို စီမံဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဇန်နဝါရီလကနေ စက်တင်ဘာလ ၇ ရက်နေ့အထိက ရွေးကောက်ပွဲအကြို ကာလကို အစိမ်းရောင်အဆင့် သတ်မှတ်ထားပြီး ကြိုတင်ကာကွယ်ရေးတွေ ဆောင်ရွက်နေတယ်၊ ရွေးကောက်ပွဲ မဲဆွယ်ကာလ ရက် ၆၀ ကို အဝါရောင် အဆင့် သတ်မှတ်ပြီး ခြိမ်းခြောက်မှု သတင်းတွေ ရှိမရှိဆိုတာကို စုံစမ်း ထောက်လှမ်းမှုတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်၊ အရေးပေါ်အခြေအနေ အတွက် ရဲအကူတပ်ဖွဲ့ခွဲနဲ့ ခရိုင်လုံခြုံရေး တပ်ခွဲတွေ စုဖွဲ့ထားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လူဦးရေ ၇၃ သိန်းကျော် နေထိုင်သော ရန်ကုန်တိုင်းဒေသကြီးတွင် မဲဆန္ဒရှင် ၄၈ သိန်းကျော် ရှိကာ ရွေး ကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီကို ၁၉ ဦးဖြင့် ဖွဲ့စည်းပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်းဒေ သကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာန၊ တိုင်းသာသနာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် အခြားသက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ ပါဝင် ကြောင်း စုံစမ်းသိရှိရသည်။

“ရွေးကောက်ပွဲကာလမှာ အကြမ်းဖက်မှု၊ ပဋိပက္ခ ဖြစ်ပွားစေမယ့် လူမျိုး/ဘာသာရေး သွေးထိုးလှုံဆော်မှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံဖြတ်ကျော်မှုခင်း အစရှိတဲ့ ဘေးအန္တရာယ်တွေ မကျရလာအောင် အထူးလုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတယ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက် အထူးရဲအင်အား ၅၇၀၀ ကို အသင့် စုဆောင်းထားပြီး မူလတပ်ဖွဲ့မှာ ရှိတဲ့ ရဲအင်အား တစ်ဝက်ကိုပါ ရွေးကောက်ပွဲ ကျင်းပချိန်မှာ လုံခြုံရေးအ တွက် အင်အား ထပ်ဖြည့်ပေးသွားမှာပါ” ဟု ရန်ကုန်တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ရှင်းလင်းပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရဲစခန်းပေါင်း ၉၄ ခုနှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၆၀၀၀ နီးပါးရှိပြီး တပ်ဖွဲ့ဝင် တစ်ဦးလျှင် ပြည်သူ ၁၂၀၀ ကျော်၏ လုံခြံရေးကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ရန်ကုန်တွင် အကြမ်း ဖက် လုယက်မှုနှင့် လူသတ်မှုများ၊ ဖောက်ထွင်းခိုးယူမှုများ မကြာခဏ ဖြစ်ပွားနေသောကြောင့် တိုင်းဒေ သကြီးရှိ တပ်ဖွဲ့ခွဲ ၃ ခုနှင့် ခရိုင်များရှိ တပ်ဖွဲ့ခွဲတို့ ပူးပေါင်းကာ တပ်ဖွဲ့ဝင် အင်အား ၇၀၀ က နေ့ည အထူး လုံခြုံရေးကို သက်ဆိုင်ရာ နယ်မြေအလိုက် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List