Friday, August 21, 2015

အပစ်ရပ်လက်မှတ်ထိုးပြီးလျှင် လက်နက်မကိုင်ရတော့ဟု တပ်ချုပ် ပြောကြား


နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ အနေနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးလျှင် လက်နက်ကိုင်ထား၍ မရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည် ဟု ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၉ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ခန်းမဆောင်တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် မစ္စတာ အင်ဒရူးပတ်ထရစ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ငြိမ်းချမ်းရေး ရယူပြီးနောက် လက်နက်များ ဆွဲကိုင်ထား၍ မရကြောင်း၊ သို့ဖြစ်၍ NCA လက်မှတ်ရေး ထိုးပြီးပါ DDR/SSR လုပ်ငန်းစဉ်များကို မဖြစ်မနေ ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်း ကြောင်းကို လက်ခံသည်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်၍ မဖြစ်နိုင် ကြောင်း” ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က သတင်းထုတ်ပြန်ချက်ကို ကိုးကားပြောကြားသည်။

ဗြိတိန်သံအမတ် မစ္စတာ အင်ဒရူးပက်ထရစ်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် တပ်မတော်ဘက် မှ ပေးထားသည့် အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် မိမိတို့ သံတမန် အဖွဲ့အစည်းအနေနှင့် ယုံကြည်မှု ရှိပြီး ယင်းစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အောင်မြင်လိမ့်မည်ဟု ယုံကြည် ကြောင်း ဆွေးနွေးခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သို့သော် လက်မှတ်ရေးထိုးပြီးလျှင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အနေနှင့် ဥပဒေနှင့်အညီ လက်နက်ကိုင်သည့် စနစ်ကိုသာ သွားရမည်ဖြစ်ပြီး လက်မှတ်မထိုးသည့် အဖွဲ့များ အနေနှင့်လည်း စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထုကို ထိခိုက်လာမည် ဆိုပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။

NCA လက်မှတ်ရေးထိုးနိုင်ရေး နဝမအကြိမ်မြောက် ဆွေးနွေးပွဲအပြီးတွင် တစ်နိုင်ငံလုံး အပစ်အခဲရေးစာ ချုပ်ကို အချောသတ် သဘောတူညီနိုင်ခဲ့ သော်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြင့်ကိုယ် စားလှယ် အဖွဲ့ (SD) က အဖွဲ့အားလုံး ပါဝင်ရေး လိုလားပြီး အစိုးရဘက်က တိုင်းရင်း သားလက်နက်ကိုင် ၁၅ ဖွဲ့နှင့်သာ ကနဦး လက်မှတ်ရေးထိုးမည် ဆိုသော ကြောင့် ညှိနှိုင်းမှု အဆင်မပြေသေးကြောင်း တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့များထံမှ သိရှိရသည်။

NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေး ကိစ္စ ညှိနှိုင်းရန် သြဂုတ်လ စတုတ္တအပတ်အတွင်း တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်အချို့နှင့် နိုင်ငံတော်သမ္မတတို့ နေပြည်တော် တွင် တွေ့ဆုံရန် ညှိနှိုင်းသဘောတူထားပြီး ယင်းသို့ မတွေ့ဆုံမီ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် များ အနေနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ အကြိုညှိနှိုင်းမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List