Monday, August 17, 2015

မူလကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ဖြင့်သာ ကြံ့ခိုင်ရေး ရွေးကောက်ပွဲဝင်မည်


၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မူလရွေး ချယ်ထားသော ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ဖြင့်သာ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီက ထုတ်ပြန်ကြေညာလိုက်သည်။

သြဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်သော ယင်းကြေညာချက်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မူလက စနစ်တကျ ရွေးချယ်ထားသော ကိုယ်စားလှယ်ပေါင်း ၁၁၃၉ ဦးဖြင့် ရွေးကောက်ပွဲဝင်မည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗဟိုအလုပ်အမှုဆောင် ကော်မတီအား ပြင်ဆင်ဖွဲ့စည်းပြီး သော်လည်း မူလက စနစ်တကျ ရွေးချယ်ထားရှိပြီး ဖြစ်သော ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ ကော်မရှင် အသီးသီးတွင် အမည်စာရင်း တင်သွင်းထားသည့်အတိုင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်လောင်း ၃၂၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ကိုယ်စား လှယ်လောင်း ၁၆၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်တွင် ကိုယ်စားလှယ်လောင်း ၆၂၆ ဦး ယှဉ်ပြိုင်မည့်အပြင် တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ် စားလှယ်လောင်း ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ သူရဦးရွှေမန်း အပါ အဝင် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း အစရှိသည့် ပါတီခေါင်းဆောင်များကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ယင်းနေရာများကို ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဦးတင်နိုင်သိန်းတို့နှင့် အစားထိုးခန့်အပ် ကြောင်း အဆိုပါ ပါတီက သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းနောက် သူရဦးရွှေမန်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အဖြစ်မှ ထုတ်ပယ်ခံရသူများကို ပါတီမှ ထုတ်ပယ်မည် မဟုတ်ဘဲ မူလ အမည်စာရင်း တင်သွင်းထားသော မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ခွင့် ပြုမည် ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင်များထံမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်အတွက် ၁၆၈ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၃၃၀ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အတွက် ၆၄၄ နေရာနှင့် တိုင်းရင်းသားလူမျိုးစု လွှတ်တော် ကိုယ်စားလှယ် ၂၉ နေရာ စုစုပေါင်း လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ခံ ကိုယ်စားလှယ်အမတ် ၁၁၇၁ နေရာ ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List