Thursday, August 20, 2015

ဘန်ကောက် ဗုံးပေါက်ကွဲမှု နောက်ကွယ်က ဘယ်သူလဲ


လူ ၂၀ သေဆုံးပြီး ရာချီဒဏ်ရာရခဲ့တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်  ဗုံးပေါက်ကွဲမှုကတော့ ဒေသတွင်း နိုင်ငံ တကာ သတင်းတွေထဲမှာ ထိပ်တန်း သတင်းတခု ဖြစ်ခဲ့ပါတယ်။လူအများစု သွားရောက်လေ့ရှိတဲ့ ဧရာဝဏ် နတ်ရုပ်တု အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို မြန်မာနိုင်ငံသား အများစုကလည်း စိတ်ဝင်တစား ဖတ်ရှုခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စီစီတီဗွီ ကင်မရာကနေ ရိုက်ကူးထားတဲ့ သံသယ ဖြစ်ခံထားရတဲ့ အင်္ကျီအ၀ါရောင် ၀တ် အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့က အသည်း အသန်ရှာဖွေနေပါတယ်။

ပေါက်ကွဲမှုကို ကျူးလွန်တယ်လို့ ဘယ်အဖွဲ့တဖွဲ့ကမှ ၀န်ခံပြောဆိုတာတော့ မရှိသေးတဲ့ အတွက် ဒီဖြစ်ရပ် ကို ကျူးလွန်တာ ဘယ်သူဖြစ်မလဲဆိုတာကို တော့ ခန့်မှန်းချက်တွေ အမျိုးမျိုးနဲ့ ခန့်မှန်းနေပါတယ်။

သြစတြေးလျ အမျိုးသား တက္ကသိုလ်က ထိုင်းလုံခြုံရေးရာ ကျွမ်းကျင်သူ ဂျွန်ဘလက်လန်ကို နယူးမန္တလာ အင်တာနက်စာမျက်နှာက မေးမြန်းရာ မှာတော့ ပေါက်ကွဲမှုအတွက် ဖြစ်နိုင်ဖွယ် သံသယရှိသူတွေထဲမှာ စစ်တပ်၊ အနီရောင် ရှပ်အင်္ကျီကို ထောက်ခံသူ၊ ထိုင်းတောင်ပိုင်းက လက်နက်ကိုင်တွေကို ထည့်သွင်းစဉ်း စားဖို့လိုတယ်လို့ ဆိုပါတယ်။

သံသယရှိတဲ့အထဲမှာ စစ်တပ်ကို ထည့်သွင်းရတာဟာ ဖြစ်နိုင်ချေမရှိပေမယ့် ထည့်သွင်း စဉ်းစားဖို့ လိုတဲ့ အချက်တချက် ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၇ ရွေးကောက်ပွဲကျင်းပဖို့နဲ့ ၂၀၁၄ မေက ထိုင်းစစ်တပ်အာဏာသိမ်းပြီး တဲ့နောက် စစ်တပ်ရဲ့ ဆက် လက် အုပ်စိုးနေတာဟာ မှန်ကန် တရားမျှတ ကြောင်း ပြသဖို့ ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို လုပ်ဆောင်တာ ဖြစ်တယ်လို့ တချို့က ပြောတယ်လို့ သူက ပြောပါတယ်။

နိုင်ငံကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်အုပ်ချုပ်တဲ့အပေါ် ထောက်ခံမှုကို ဒီအကြမ်းဖက် လုပ်ရပ်တွေက ပိုခိုင်မာစေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ထိုင်းရဲ့စီးပွားရေးနဲ့ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်အောင် အာရုံစိုက်နေတဲ့ ထိုင်းစစ် ခေါင်းဆောင်တွေက ခရီးသွားတွေအတွက် အရေးပါတဲ့ နေရာကို တိုက်ခိုက်တာဟာ သူတို့ကို အထောက် အကူ ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါအပြင် ဧရာဝဏ် ရုပ်ထုနားမှာ တိုက်ခိုက်တာဟာ စစ်အစိုးရအတွက်အ တွက် နိမိတ်မကောင်းသလို လက်ရှိမှာတော့ အာဏာကို ထိန်းသိမ်းထား တာဟာ ခိုင်မာနေတယ်လို့ ဆိုပါတယ်။ ဒီအတွက် စစ်တပ်ဟာ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ မရှိဘူးလို့ ထင်တယ်လို့ သူက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ ယင်လတ်တို့ကို ထောက်ခံတဲ့ အနီရောင် ရှပ်အင်္ကျီအဖွဲ့က ဒါမှမဟုတ် ထောက်ခံသူတွေကလည်းကလည်း ဒီဖြစ်ရပ်အတွက် ဖြစ်နိုင်ချေရှိတဲ့ သံသယဖြစ်ဖွယ်ဆိုတဲ့ အထဲမှာ ထည့်စဉ်းစားထားပါတယ်။

စစ်တပ်ရဲ့ အောင်မြင်မှုကြောင့် သူတို့က အပယ်ခံဖြစ်ပြီး ဒေါသထွက်နေ တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ စစ်အစိုးရရဲ့ ထိန်းချုပ်မှုကို လျော့ကျစေတဲ့ ကြိုးပမ်းမှု တခုဖြစ်ပြီး ရွေးကောက်ပွဲနဲ့ အရပ်သား အစိုးရ ပြန်အုပ်ချုပ်ရေး အပေါ် ဖိအားဖြစ်စေပါတယ်။

ဒါအပြင် ၂၀၁၀ ခုနှစ် မေလက ဧရာဝဏ် ရုပ်တုရှိတဲ့နေရာဟာ ရှပ်နီတွေရဲ့ တားဆီးပိတ်ဆို့ထားတဲ့ နေရာ အဖြစ် သတိရသင့်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဆန္ဒပြမှုကြောင့် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုက လူ ၉၀ လောက်သေခဲ့သလို ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။

ဘန်ကောက်မြို့လယ်မှာ ဒီလို ဖြစ်ပွားတိုင်း ရှပ်နီကို ဆန့်ကျင်တဲ့ တိုင်းပြည်က လူ့ မလိုင်တွေ အတွက် ထိုးနှက်ချက်တခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

နောက်တတိယ အဖြစ်နိုင်ဆုံးကတော့ နှစ်ပေါင်းများစွာ ခွဲထွက်ရေးအတွက် လှုပ်ရှားနေတဲ့ ထိုင်းတောင် ပိုင်းက လက်နက်ကိုင်အဖွဲ့တွေကို ထည့်သွင်းထားပါတယ်။

ရုပ်တုအနီးက မော်တော်ဆိုင်ကယ်ပေါ်မှာ ထားခဲတဲ့ ဗုံးပေါက်ကွဲမှုက သူတို့ရဲ့ နည်းလမ်းနဲ့ ကိုက်ညီနေ ပါတယ်။ ထိုင်းတောင်ပိုင်းမှာ နေထိုင်တဲ့ ထိုင်းတွေကတော့ ဒီလို ပေါက်ကွဲရေး ပစ္စည်းတွေနဲ့ နီးစပ်နေ တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီဗုံးဟာ ဒီအဖွဲ့ကနေ လာတာမဟုတ်ဘူးလို့ ဂျွန်ဘလက်လန်က ပြောပါတယ်။ ထိုင်းမှာ နှစ်ပေါင်း များစွာ တိုက်ခိုက်နေပေမယ့် ဒီအဖွဲ့ဟာ ပထမဦးစားပေးအနေနဲ့ ဘန်ကောက် အနီးတ၀ိုက် တိုက်ခိုက်မှု တွေကို ရှောင်ရှားလေ့ရှိသလို ယေဘုယျအားဖြင့် မြို့တွေကို တိုက်ခိုက်လေ့ရှိဘူးလို့ ဆိုပါတယ်။

ဥပမာ ဟတ်ရိုင်ခရိုင်မှာ သူတို့ တိုက်ခိုက်ပေမယ့် ဒီခရိုင်ထဲက ဘန်ကောက်လို မြို့ကြီးတွေကိုတော့ တိုက်ခိုက်တာ ရှောင့်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီတောင်ပိုင်း လက်နက်ကိုင်တွေက တခြား အစွန်းရောက်အဖွဲ့တွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေတယ်လို့ ဆိုပါတယ်။ ဒီချဉ်းကပ်မှုတွေက အခုချိန်အထိ ပြောင်းလဲမသွားနိုင်တဲ့ အတွက် သူတို့ လုပ်တာ မဟုတ်ဘူး လို့ ဂျွန်ဘလက်လန်က ပြောပါတယ်။

ဒီအချက်အလက်တွေကို ခြုံကြည့်လိုက်မယ်ဆိုရင် ရှပ်နီကိုထောက်ခံတဲ့ သူတွေက အဖြစ်နိုင်ဆုံးလို့ ထင်မြင် တဲ့အကြောင်း သူက ပြောပါတယ်။

သူ့ရဲ့ ဒီအမြင်တွေအပေါ်သဘောထားကွဲလွဲတဲ့သူတွေလည်း ရှိနေသလို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

၂၀၁၀ ပြည့်နှစ် ကတည်းက ထိုင်းနိုင်ငံရေးနဲ့ လက်ရှိ ဖြစ်ရပ်တွေကို ရေးသားနေတဲ့ သတင်းထောက် ဆပ်ဆစ်ဆိုင်ယဆောင်ဘွတ်ကတော့ စစ်အစိုးရကို ဆန့်ကျင်တဲ့သူတွေ၊ ထိုင်းတောင်ပိုင်းက မူဆလင် ခွဲထွက်ရေးသူပုန်တွေဟာ ဒီဖြစ်ရပ် ကျူးလွန်ဖို့ အတွက် ဖြစ်နိုင်ချေနည်းတဲ့သူတွေလို့ အာရှကော်ရက်စ ဆိုပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အဖွဲ့ကို ခန့်မှန်းတာဟာလည်း အန္တရာယ်ရှိတယ်လို့တယ်လို့ ဆိုပါတယ်။ ဒါဟာ ထိုင်းစစ် အစိုးရအတွက် ပိုတင်းကြပ်တဲ့ ပိုဆိုးတဲ့ လုံခြုံရေး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ခိုင်လုံတဲ့ ကျိုးကြောင်းပြချက် ဖြစ်စေတယ်လို့ ဆောင်းပါးမှာရေးပါတယ်။

လက်ရှိမှာတော့ ဖြစ်ရပ်ကို ကျူးလွန်တဲ့သူဟာ ဘယ်သူလဲဆိုတာ မပြောနိုင်ပေမယ့် ဒီဖြစ်ရပ်ဟာ ဘန် ကောက်မြို့မှာ မကြုံဖူးသလို ဖြစ်နိုင်တဲ့ သံသယရှိသူတွေကလည်း ရှောင်တိမ်းနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အရင်တလောက ထိုင်းကနေ တရုတ်ကို ပြန်ပို့ခဲ့တဲ့ ၀ီဂါ တိုင်းရင်းသားတွေနဲ့ ဒီပေါက်ကွဲ မှုဟာ ဆက်စပ်နေတယ်ဆိုတဲ့ ကောလာဟလတွေကလည်း ဘန်ကောက်မှာ ပျံ့နှံ့နေပါတယ်။

ထိုင်းမီဒီယာတွေကလည်း အထောက်အထားမရှိပေမယ့် ဒီဖြစ်ရပ်ဟာ ၀ီဂါတွေဆိုပြီး စွပ်စွဲ ရေးသားမှုတွေ ရှိနေတယ်လို့ ထိုင်းခေါင်ဆွတ်သတင်းက ဝေဖန်ရေးသားပါတယ်။

DVB

No comments:

Post a Comment

My Blog List