Friday, August 21, 2015

ဒေါ်ခင်ဝင်းအမှုဖော်ထုတ်ပေးရေး ဆန္ဒပြတောင်းဆိုသူတွေ ကို ထောင်ဒဏ်တွေ ချမှတ်


စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေနတ်မှန်ပြီးသေဆုံးခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်း အမှုကိုဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့ကြသူ ၅ ဦးကို အလုံမြို့နယ်တရားရုံး က ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ဒီနေ့ ချမှတ်လိုက်ပါတယ်။ အလားတူ ပုဒ်မ ၁၈ နဲ့ ပြီးခဲ့တဲ့ မေလ လောက်က ဒဂုံမြို့နယ် တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်နဲ့ တစ်ပေါင်းတည်းကျခံဖို့ အလုံမြို့နယ်တရား သူကြီးက ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

"ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၄ လချလိုက်တယ်၊ ဒဂုံမြို့နယ်မှာ ၅ လပိုင်း ၁၅ ရက်နေ့က ပုဒ်မ ၁၈ နဲ့ အမိန့်ချထားတဲ့ ထောင်ဒဏ် ၄ လနဲ့ တပေါင်းတည်းခံစားစေဆိုတော့ နောက်ထပ် ၄ လ ထပ်ပြီး မပေါင်းရတော့ ဘူး၊ အဲ့ထဲမှာပဲအတူတူပါသွားတာဖြစ်တယ်၊ အခုလိုမျိုး အလုံမြို့နယ်တရားသူကြီးရဲ့ စဉ်းစားဆင်ခြင်ထုံတရားနဲ့ ဆုံးဖြတ်လိုက်မှုကို ကျနော်အပါအဝင် ၅ ဦးစလုံးက ကြိုဆိုတယ်လို့ ကျနော်ထင်ပါတယ်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်လောက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခမှာ တောင်သူ ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်နော်အုံးလှ၊ ဦးဘမြင့်နဲ့ ဦးသန်းဆွေတို့က ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဆန္ဒပြမှုကြောင့် အလုံ၊ ဒဂုံ၊ လသာ စတဲ့ မြို့နယ်တွေက တရားမ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ ထောင်ဒဏ် ၄လ စီ ချမှတ်ခံထားရပါတယ်။ ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်က ပုဒ်မ ၁၈ နဲ့ စွဲဆိုထားတဲ့အမှုကို အမိန့်ချဖို့ ကျန်နေပါတယ်။ 

ပြီးခဲ့တဲ့နှစ်  ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်ပံတောင်းတောင်  ကြေးနီစီမံ ကိန်းအနီးမှာ ဒေသခံတွေက ဆန္ဒပြရာမှာ လုံခြုံရေးတွေဘက်က  သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့်  မိုးကြိုးပြင်အလယ်ရွာသူ  ဒေါ်ခင်ဝင်း သေဆုံးခဲ့တာဖြစ် ပါတယ်။

RFA

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မော်တော်ကားနှောင့်ယှက်ခံရမှု အာဏာပိုင် တွေထံ အကြောင်းကြား
Friday, August 21, 2015

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် စီးနင်းလိုက်ပါလာတဲ့ မော်တော်ကား နှောင့်ယှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ဒေါ်အောင်ဆန်း စုကြည် ရဲ့ လုံခြုံရေးကို တာဝန်ယူထားသူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

ရန်ကုန်ကနေထွက်ခွာလာတဲ့ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းဟာ နေပြည်တော် ကို ရောက်ခါနီးမှာ တဖက်ကားတစီးက ရုတ်တရက်အရှိန်နဲ့ ကျော်တက်လာပြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားနဲ့ ဘေးချင်းယှဉ်ပြီး နှောင့်ယှက်မောင်းနှင်ခဲ့တာကြောင့် ကားချင်းတိုက်မိမလို ဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဦးဥာဏ်ဝင်းက အခုလို ပြောကြားတာ ဖြစ်ပါတယ်။

"ကျနော်တို့ ပထမဆုံးကြားတာက အနှောင့်အယှက်ပေးတယ်လို့ကြားတယ်၊ နောက်ပိုင်းမှပြန်ပြီးကြားတာက ဥက္ကဌကိုသိတဲ့ ကားပေါ်ပါတဲ့ပုဂ္ဂိုလ်က နှုတ်ဆက်ချင်လို့ဆိုတဲ့ဟာမျိုး ထပ်ကြားတယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ အတိအကျ အတည်ပြုပေးပါဆိုရင်တော့ ကျနော်မပေးနိုင်ဘူး၊ ကျနော်သတင်းက အဲ့ဒီလိုပဲရပါတယ်၊ အဲတော့ ကျနော်တို့ လုံခြုံရေးနဲ့ပတ်သက်တဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဒီဟာကို သက်ဆိုင်ရာအာဏာပိုင်တွေကိုလည်း အကြောင်းကြားထားတယ်၊ သူတို့ကိုယ်တိုင်လည်း အကြောင်းရာအချက်အလက် ပိုမိုရရှိဖို့ကြိုးစားဆောင်ရွက်နေ တယ်၊ အဲ့ဒီလိုသိပါတယ်၊ ဥက္ကဌရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဒီသတင်းက ကျနော်တို့အတွက်လည်း အများကြီး စိတ်အနှောင့်အယှက်ဖြစ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် NLD ပါတီက တာဝန်ယူ ဆောင်ရွက်နေတယ် ဆိုပေမယ့် အခု အဖြစ်အပျက်ဟာ အန္တရာယ်ရှိတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်တန်းဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးမှာ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။

RFA


No comments:

Post a Comment

My Blog List