Thursday, August 20, 2015

ပင်လယ်နက်ထဲမှ သင်္ဘောပျက် တစ်စီးကို ရေငုပ်သင်္ဘောငယ်ဖြင့် သွားရောက်ကြည့်ရှုခဲ့သည့် ပူတင်


စွန့်စားမှုများကို ခုံမင်သူ တစ်ဦးအဖြစ် ၎င်းတည်ဆောက်ထားသည့် ပုံရိပ်ကို မြှင့်တင်သည့် အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တစ်ယောက် ခရိုင်းမီးယား ကမ်းလွန်းတွင် အသေးစား ရေငုပ်သင်္ဘော တစ်စီးတွင် လိုက်ပါပြီး ရေအောက်မှ သင်္ဘောပျက် တစ်စီးထံ သွားရောက် လည်ပတ် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပူတင်သည် ယခင်ကလည်း စွန့်စွန့်စားစား လှုပ်ရှားစတန့်ထွင်မှုများကို လူသိရှင်ကြား ပြုလုပ်ပြခဲ့သူ ဖြစ်သည်။ ဩဂုတ် ၁၈ ရက်တွင်မူ ၎င်းသည် ပြီးခဲ့သည့်နှစ်က ယူကရိန်းထံမှ သိမ်းယူထားသည့် ခရိုင်းမီးယား ရေလက်ကြားအနီးတွင် ရေငုပ်သင်္ဘောဖြင့် ရေနက်ပိုင်းသို့ ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။

ဖန်လုံအိမ်သဖွယ် တည်ဆောက်ထားသည့် ရေငုပ်သင်္ဘောငယ်ထဲတွင် ပူတင်နှင့်အတူ သင်္ဘောမောင်းနှင် သူ လိုက်ပါပြီး ရေအနက် ၈၃ မီတာထိ ငုပ်လျှိုး ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။ “၈၃ မီတာဆိုတာ တော်တော် လေး ရေနက်တဲ့ အနေအထားပါ။ စိတ်ဝင်စားစရာပဲ”ဟု ပူတင်က သတင်းထောက်များအား ပြောကြားခဲ့ သည်။ ၎င်းသည် ခရိုင်းမီးယား ရေလက်ကြားအလွန် ပင်လယ်နက်အတွင်း ၁၀ ရာစု ဘိုင်ဇင်တိုင်းခေတ်က နစ်မြုပ်ခဲ့သည့် သင်္ဘောပျက်ကို သွားရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောပျက် အစိတ်အပိုင်းများကို ဆီဗက်စ်တိုပိုလ် ဆိပ်ကမ်းအလွန် ပင်လယ်ပြင်တွင် ရုရှား ရေငုပ်သမားများက ယခုနှစ် အစောပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ “အဲဒါက ရွက်သင်္ဘောကြီး တစ်စီးပါ။ ဘာလာကလာဗာ ပင်လယ်ကွေ့မှာ ခရီးသည်တွေကို ပို့ဆောင်ပေးဖို့ အသုံးပြုခဲ့ပါတယ်။ 

လောလောဆယ်တော့ သင်္ဘောပျက်ကို ပညာရှင်တွေက စစ်ဆေးနေတုန်းပါ။ ပင်လယ်နက် မြောက်ပိုင်းမှာ ဒီလို သင်္ဘောပျက် နေရာမျိုး များများစားစား မရှိတော့ဘူးလို့ သူတို့က ပြောတယ်”ဟုလည်း ပူတင်က ဆို သည်။

ပူတင်သည် ယခင်ကလည်း စက်တပ်လေတံခွန်စီး၍ ပျံသန်းခြင်း၊ အပေါ်ပိုင်း ဗလာကျင်းလျက် မြင်းစီးပြ ခြင်း၊ မျိုးသုဉ်းလုနီးပါး အခြေအနေမျိုး ကြုံနေရသည့် ကျားတစ်ကောင်ကို ပြုစုစောင့်ရှောက်ရာ၌ ကိုယ် တိုင်ပါဝင်ခြင်းကဲ့သို့သော လုပ်ရပ်များဖြင့် လူအများ၏ အာရုံစိုက်မှုကို ရယူခဲ့ဖူးသည်။

၎င်းသည် ၂၀၀၉ ခုနှစ်ကလည်း ကမ္ဘာ့အနက်ရှိုင်းဆုံး ရေကန်အဖြစ် သတ်မှတ်ခံထားရသည့် ဘိုင်ကယ်လ် ကန်ကြီးအတွင်း ရေအနက် ၁၄၀၀ ဝန်းကျင်ထိ ရေငုပ်သင်္ဘောငယ်ဖြင့် သက်ဆင်း ကြည့်ရှုခဲ့ဖူးကြောင်း သိရသည်။ 

Ref:Dawn
7Day Daily

No comments:

Post a Comment

My Blog List