Thursday, August 20, 2015

အာရှလမ်းမကြီးပေါ် ကုန်တင်ကားများ ပြေးဆွဲမှု ခေတ္တပိတ်ထား


ကရင်ပြည်နယ် မြဝတီမြို့နှင့် ကော့ကရိတ်မြို့ အကြားရှိ အာရှလမ်းမ သစ်ကြီးပေါ်၌ ကုန်တင်ယာဉ်ကြီးများ ပြေးဆွဲနေမှုအား ယခုလ ၁၇ ရက်မှ စတင်ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ “ကုန်တင်ကားပဲ ပိတ် တာ။ ဆောက်လုပ်ရေးက ပိတ်တာပါ”ဟု အာရှလမ်း မကြီးကို လုံခြုံရေးယူပေးနေသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က ဧရာဝတီကို ပြောသည်။

အာရှလမ်းမသစ်င်္ကြီးကို မကြာခင် လမ်းသစ်ဖွင့်ပွဲ ပြုလုပ်မည်ဖြစ်သဖြင့် လမ်းပိုင်းတချို့အား အပြီးသပ် ပြင်ဆင်ရန်နိုင်ရန် လမ်းဖွင့်ပွဲ မတိုင်ခင် အချိန်အတိုင်းအတာ တခုအထိ ယာဉ်ကြီးများ ဖြတ်သန်းမှု ရပ်ဆိုင်း ထားပေးရန် အဆိုပါ လမ်းမကြီးကို ဖောက်လုပ်နေ သည့် ထိုင်းကုမ္ပဏီ See Sang Karn Yotah က အခုလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ကရင်ပြည်နယ် အစိုးရကို စာပို့ တောင်းဆိုထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အာရှလမ်းမကြီးပေါ်တွင် ကုန်တင်ကားများ ဖြတ်သန်းမောင်းနှင်ခွင့်ကိုသာ ပိတ်ပင်ထားခြင်းဖြစ်ပြီး ခရီး သည်တင် ကားသေးများကို ဖြတ်သန်းခွင့်ပြုထား ကြောင်းနှင့် ခေတ္တပိတ်ထားစဉ် ကာလအတွင်း ကုန်တင် ကားများကို လမ်းဟောင်းအတိုင်း (ဒေါနတောင်ပေါ်လမ်း) သယ်ဆောင် မောင်းနှင် ခွင့်ပြုထားသည်ဟု သိရသည်။

အာရှလမ်းမကြီးကို နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူများက ယခုလကုန်ပိုင်းတွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည် ဟု ကရင်ပြည်နယ် အစိုး ရ နှင့် နီးစပ်သူများ က ပြောဆိုနေကြသော်လည်း ကရင်ပြည်နယ် အစိုးရက ရက်အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

အဆိုပါ လမ်းမကြီးကို နှစ်နိုင်ငံ အစိုးရက ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင်ဖွင့်လှစ်ရန် မူလက သတ်မှတ် ခဲ့သော်လည်း လုံခြုံရေးနှင့် လမ်းပိုင်းပြင်ဆင်မှု မပြီးပြတ်သေးသဖြင့် ရွှေ့ဆိုင်းထားခဲ့ရသည်ဟု ကရင်ပြည် နယ် အစိုးရက ပြောဆိုထားသည်။

အာရှလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂ ရက်က စတင်ပြီး အစိုးရ တပ်မတော် နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ခေတ္တပိတ်လိုက်ရပြီး ခရီးသည် သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ ခေတ္တရပ်ဆိုင်း ခဲ့ရသည်။

တပတ်အကြာတွင် ထိုလမ်းမကြီးကို တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)တို့က ထိန်းချုပ်လိုက်ပြီးနောက် ပြန်လည်ဖွင့်ပေးခဲ့ပြီး လမ်းဟောင်းဘက်မှသွားလာနေကြသည့် ကုန်တင်ယာဉ် ကြီးများကိုပါ ဖြတ်သန်းခွင့် ပြုခဲ့သည်။

မြဝတီ-ကော့ကရိတ် လမ်းကြောင်းသည် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး၏ အဓိက လမ်း ကြောင်းပေါ်တွင် တည်ရှိပြီး နှစ်နိုင်ငံ ကုန်စည်ကူးသန်းရာတွင် အဆိုပါ မြို့နှစ်မြို့အကြားရှိ အာရှလမ်းမကြီး ပေါ်မှသွားလျှင် ကားဖြင့် ၄၅ မိနစ်ခန့်သာ ကြာမြင့်ပြီး ယခင် လမ်းဟောင်းမှ သွားလျှင် ၃ နာရီခန့် ကြာမြင့် သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List