Thursday, August 20, 2015

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပါက ပြည်တွင်းအသိသက်သေများအဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၁၀ ဦး ပါဝင်လက်မှတ်ရေးထိုးရန် အဆိုပြုချက် နှစ်ဖက်သဘောတူညီထား


ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေး ထိုးပါက ပြည်တွင်းအသိသက်သေများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ၁၀ ဦး ပါဝင်လက်မှတ် ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အဆိုပြုချက်ကို နှစ်ဖက်သဘောတူညီထားကြောင်း သြဂုတ် ၆ ရက်နှင့် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ သည့် ကိုးကြိမ်မြောက် NCA မူချောပြုစုရေး အစည်းအဝေး ဆုံးဖြတ်ချက်နှင့် မှတ်တမ်းအရ သိရသည်။

အစိုးရဘက်က သြဂုတ် ၁၈ ရက်တွင် NCA လက်မှတ် ရေးထိုးပါက အသုံးပြုမည့် စာချုပ်ပါ အချက်များအား ပြည်သူများ သိရှိစေရန် ထုတ်ပြန်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်ကလည်း သြဂုတ် ၁၉ ရက်တွင် ကိုးကြိမ်မြောက် NCA မူချောပြုစုရေး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မှတ်တမ်းများကို ပြည်သူများ သိရှိစေရန် ထုတ်ပြန်ပေးခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ သြဂုတ် ၇ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး ဒုတိယနေ့ ဆုံးဖြတ်ချက်နှင့် မှတ်တမ်းများတွင် “သဘော တူစာချုပ် လက်မှတ်ရေးထိုးခြင်း” ခေါင်းစဉ်အောက်ရှိ လက်မှတ်ရေးထိုးသင့်သူများ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရဘက်မှ နိုင်ငံတော်သမ္မတမှ ဦးဆောင်၍ နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ပါဝင်လက် မှတ်ရေးထိုးမည်ဟု UPWC မှ အတည်ပြုကြောင်း၊ ပြည်တွင်းအသိသက်သေများ အဖြစ် SD မှ အဆိုပြု သည့် ၁၀ ဦးနှင့် UPWC မှ အဆိုပြုသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများ ပါဝင်လက် မှတ်ရေးထိုးရန် သဘောတူသည်ဟူသည့် အချက်များ ပါရှိသည်။

NCA လက်မှတ်ထိုးရာတွင် ပြည်တွင်းအသိသက်သေများ ပါဝင်လက်မှတ်ရေး ထိုးရန် သဘောတူညီထားမှု နှင့် ပတ်သက်၍ SD အဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက “ပြည်တွင်းအသိသက်သေက ကျွန်တော်တို့ SD ကနေ အဆိုပြုခဲ့တဲ့သူတွေက ပုဂ္ဂိုလ်အနေနဲ့ အဆိုပြုတာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကိုတော့ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင်အနေနဲ့ သူ့ကို အဆိုပြုတာ ဖြစ်ပါတယ်။

နောက်ပြီးတော့ UNA (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့) က ဦးခွန်ထွန်းဦး အပါ အ၀င် သုံးဦး၊ နောက်တစ်ခါ NBF (ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း) က သုံးဦး၊ နောက် USDP(ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က တစ်ဦး၊ နောက် NLD ကနေ ဒေါ်အောင် ဆန်းစုကြည် မဟုတ်ဘဲ NLD ကတစ်ဦး SD ထဲကတစ်ဦး ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်တွင်းအသိသက်သေများ စာရင်းတွင် “88 Generation” ကိုလည်း ထည့်သွင်းပေးရန် SD မှ အဆိုပြု ချက်အပေါ် UPWC မှ ပြန်လည်အ ကြောင်းပြန်မည်ဟူ၍လည်း ကိုးကြိမ်မြောက် NCA မူချောပြုစုရေး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မှတ်တမ်းများတွင် ပါရှိသည်။

နိုင်ငံတကာ အသိသက်သေများအဖြစ် SD မှ အဆိုပြုတင်ပြသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ/ နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ် များအနက် ကမ္ဘာ့ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းစသည့် အိမ်နီးချင်း နိုင်ငံများ ပါဝင်ရေးကို UPWC မှ သဘောတူခဲ့ကြောင်း အစည်းအဝေး ဆုံးဖြတ်ချက်နှင့် မှတ်တမ်းများ၌ ဖော်ပြချက်အရ သိရသည်။

ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်နှင့် နော်ဝေနိုင်ငံများအား NCA လက်မှတ်ရေးထိုးခြင်း အခမ်း အနား မှတ်တမ်းတွင် “In the presence of” အဖြစ် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်နှင့် နော်ဝေနိုင်ငံ စသည်တို့မှ တက်ရောက်သူများ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးသည်ဟူ၍ ရေးသားဖော်ပြရန် အချက်ကို သဘောတူညီခဲ့သည်။

NCA ပါရှိသည့် အချက်များအနက် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ ကိစ္စမှအပ စာချုပ်ပါအချက်များ အားလုံးကို ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ပြီး ယင်းကိစ္စကို ဆက်လက် ဆွေးနွေးရန် နိုင်ငံ တော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ရန် စီစဉ်လျက်ရှိကာ သြဂုတ် ၂၅ ရက် ၀န်းကျင်တွင် နေပြည် တော်၌ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း သိရ သည်။

NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် အစိုးရ အသိအမှတ်ပြုထားသည့် အဖွဲ့ ၁၅ ဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ် ၁၂ ရက်က ဖိတ်ကြားစာ ပေးပို့ ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List