Wednesday, August 19, 2015

ကြံ့ခိုင်ရေးပါတီပြဿနာကြောင့် သူရဦးရွှေမန်းနှင့် ဆက်ဆံရေး ပိုခိုင်မာစေဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်မှု အပြောင်းအလဲ ကြောင့် ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရသူ သူရဦးရွှေမန်း အပါအဝင် ယင်း ပါတီခေါင်းဆောင်ပိုင်းမှ မဟာမိတ်များနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေခဲ့ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုသည်။

နေပြည်တော်တွင် သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နား ချိန် သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။

“ဒီအချိန်မှာ ဘယ်သူက မိတ်ဆွေစစ် ဆိုတာ ပေါ်လာမယ်ဆိုတော့ မိတ်ဆွေများ အချင်းချင်းအကြားမှာ ပိုပြီးတော့ ခိုင်ခံ့သွားဖို့ပဲ ရှိတာပေါ့” ဟု ကြံ့ခိုင်ရေးပါတီမှ မဟာမိတ်များ ဆုံးရှုံးသွားနိုင်ခြေရှိမှုနှင့် ပတ်သက် ၍ The Voice ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

သြဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံ ခဲ့ရပြီးနောက် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် နှစ်ရက်ဆက် တိုက် သီးသန့်တွေ့ဆုံခဲ့ပြီး အဆိုပါ ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေးပိုမိုနီးကပ်စေနိုင်ကြောင်း လေ့လာ သူ အချို့က သုံးသပ်ပြောဆိုသည်။

သူရဦးရွှေမန်းနှင့်တွေ့ဆုံစဉ် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုမူ ဒေါ်အောင်ဆန်းစုကြည် က ဖြေဆိုရန် ငြင်းဆန်ခဲ့ပြီး ယင်းသို့ ဆွေးနွေးမှုမျိုးကို ဖြေဆိုလေ့ မရှိကြောင်းသာ ပြန်ကြားခဲ့သည်။

ယင်းအပြင် ကြံ့ခိုင်ရေးပါတီတွင်း ပြဿနာကြောင့် NLD ပါတီအနေနှင့် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အောင်နိုင်ရန် ပိုမိုသေချာစေခဲ့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်း မီဒီယာများသို့ ပြောဆိုထားသေးသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အကြား ဆက်ဆံရေးမှာ ပွင့်လင်း မြင်သာမှုမရှိကြောင်း၊ ပြိုင်ဘက်ပါတီကြီး နှစ်ခု၏ ခေါင်းဆောင်နှစ်ဦးအကြား ဆွေးနွေးမှုကို ပါတီ တာဝန်ရှိ သူများလည်း သိရှိသင့်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List